
လုပ်ငန်းတစ်ခုရဲ့ အလုပ်ရှင် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့်
ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေအားလုံးက ရွံ့ကြောက်ပြီး မလေးစား၊ မယုံကြည်ကြတဲ့ လူမျိုးတွေရှိပါတယ်။
သင်လည်း ဒီလိုလူမျိုးဖြစ်နေခဲ့မယ်ဆိုရင် ဘယ်လိုပြောင်းလဲနိုင်မလဲ။
ပထမဆုံးလိုအပ်ချက်က ဒီလိုလူတိုင်းက ရွံ့ကြောက်ကြတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာ သိထားပြီး ပြင်ဆင်နိုင်ဖို့ပဲဖြစ်ပါတယ်။
၁။ ပွင့်လင်းမြင်သာမှု မရှိခြင်း…..
ပွင့်လင်းမြင်သာမှုမရှိရင် ဝန်ထမ်းတွေက သူတို့အပေါ်ကို အလုံးစုံရိုးသားမှု မရှိဘူးလို့ မြင်လာကြပါလိမ့်မယ်။
သင့်ရဲ့အဖွဲ့အစည်းကို ပွင့်လင်းမြင်သာမှုမရှိတာက မဖြစ်သင့်ပါဘူး။
ပွင့်လင်းမြင်သာမှုရှိမှသာ လုပ်ငန်းရဲ့ အခြေအနေကို အားလုံးကနားလည်ထားပြီး ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေကို စည်းစည်းလုံးလုံးအဖြေရှာနိုင်မှာ ဖြစ်တဲ့အတွက် ရေရှည်အကျိုးရှိမှာ ဖြစ်ပါတယ်။
ပွင့်လင်းမြင်သာမှုမရှိရင် ယုံကြည်မှုလည်း ကင်းမဲ့လာတတ်ပါတယ်။
၂။ နားမထောင်တတ်ခြင်း…
ဝန်ထမ်းတွေဆီက စကားတွေကို တတ်နိုင်သမျှနားထောင်တာက သစ္စာရှိပြီး ယုံကြည်မှုရှိတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အရေးကြီးပါတယ်။
လူတိုင်းဟာ လုပ်ငန်းရဲ့ အစိတ်အပိုင်းဖြစ်နေဖို့ လိုအပ်ပါတယ်။
ဝန်ထမ်းတွေနဲ့ အပြန်အလှန်ပြောဆိုပြီး သူတို့စကားကို နားထောင်ဖို့ကို ခေါင်းဆောင်အများစုက မေ့နေတတ်ကြပါတယ်။ မဖြစ်သင့်တဲ့ အရေးကြီးကိစ္စတစ်ခုပါ။
၃။ အခြားသူတွေရဲ့ စိတ်ကူးကို လက်မခံခြင်း….
ဒီအချက်က တကယ်ကို ဆိုးရွားလွန်းတဲ့အချက် ဖြစ်ပါတယ်။
စိတ်ကူးကောင်းတွေကို နားလည်လက်ခံပြီး တိုးတက်ကောင်းမွန်လာအောင်၊ တိုက်တွန်းအားပေးတတ်ဖို့က တကယ်ကို အရေးကြီးပါတယ်။
၄။ ဖြစ်နိုင်ချေထက် အတွေ့အကြုံကို တန်ဖိုးထားခြင်း….
လုပ်ငန်းတစ်ခုရဲ့ ခေါင်းဆောင်တွေက ဖြစ်နိုင်ချေအလားအလာထက် အတွေ့အကြုံကိုပဲ တန်ဖိုးထားနေလို့ မဖြစ်ပါဘူး။
အတော်ဆုံးဆိုတဲ့ ဝန်ထမ်းအများစုမှာ အတွေ့အကြုံတွေ အများကြီးမရှိတာမျိုး ဖြစ်နိုင်ပါတယ်။
အလားအလာရှိတဲ့ဝန်ထမ်းတွေမှာ အကောင်းဆုံးအရည်အချင်းတွေကို ထုတ်ပြချင်တဲ့ စိတ်ဆန္ဒတွေရှိနေပြီးသားဖြစ်ပါတယ်။
ဒီအချက်က သင်ပေးလို့လည်းမရတဲ့ ပင်ကိုယ်ခံယူချက်ဖြစ်ပါတယ်။
၅။ အတ္တကြီးခြင်း….
ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ လုပ်ငန်းတစ်ခုခုချွတ်ချော်မှားယွင်းသွားခဲ့ရင်၊
ကိုယ့်အမှားလို့ ခံယူပြီး အောင်မြင်ဖြစ်ထွန်းလာခဲ့ရင် နောက်လိုက်အဖွဲ့အစည်းကို ကျေးဇူးတင်တတ်သူ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် သင့်ရဲ့အတ္တကို ဘေးချိတ်ထားပြီး သင့်ကိုဒီနေရာကို ရောက်အောင် ပံ့ပိုးပေးနေတဲ့လူတွေရဲ့ကျေးဇူးကို သိတတ်ပါစေ။
၆။ အချိန်ပြည့်အလုပ်လုပ်ခြင်း…
လုပ်ငန်းတစ်ခုကို လည်ပတ်နေအောင် လုပ်ဆောင်ရတာက အလုပ်များပြီး ကြိုးစားရတယ်ဆိုတာ မှန်ပါတယ်။
ဒါပေမယ့် အနားယူချိန်ထားပြီး အခြားစိတ်ဝင်စားစရာတွေကို ရှာဖွေဖို့လည်း အချိန်ပေးသင့်ပါတယ်။
ဒါမှသာ သင့်ရဲ့နောက်လိုက်အဖွဲ့အစည်း၊ ဝန်ထမ်းတွေရဲ့ စံနမူနာကောင်းဖြစ်မှာပါ။
ဒီလိုမဟုတ်ရင်တော့ သူတို့လည်း နှစ်ဆယ့်လေးနာရီလုံး အလုပ်လုပ်နေဖို့ လိုတယ်လို့ထင်ပြီး အားလုံးစိတ်ပျက်လက်ပျက်ဖြစ်ကုန်ပါလိမ့်မယ်။
၇။ စာနာစိတ်ကင်းမဲ့ခြင်း…
ခေါင်းဆောင်တွေဟာ နောက်လိုက်ဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ၊ အခက်အခဲတွေကို နားလည်ရမှာ ဖြစ်ပါတယ်။
ပြီးတော့ ဝန်ထမ်းတွေ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့အတွက် ကြုံတွေ့နေရတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးရမှာဖြစ်ပါတယ်။
ဒီလိုအတားအဆီးတွေထဲမှာ လိုအပ်တဲ့အထောက်အပံ့ မပေးတာ၊ လမ်းညွှန်မှုမရှိတာနဲ့ အဖွဲ့အစည်းစိတ်မရှိတာတွေလည်း ပါဝင်ပါတယ်။
၈။ ခေါင်းဆောင်မွေးဖို့ မေ့လျော့ခြင်း…
ဝန်ထမ်းတွေကို လိုအပ်တဲ့ပညာတွေသင်ကြားပေးပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဖန်တီးပေးဖို့က မဖြစ်မနေလုပ်ရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ပေးမှသာ ဝန်ထမ်းတွေရဲ့အလုပ်ကို တန်ဖိုးထားမှု မြင့်တက်လာပြီး ပိုအရည်အချင်းရှိ အောင်မြင်ချင်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ။
သင့်ဝန်ထမ်းတွေကို တိုးတက်လာအောင် မလုပ်ပေးဘူးဆိုရင် ဘယ်လိုဖြစ်လာမလဲ တွေးကြည့်ပါ။
၉။ အလွန်အကျွံရှေးရိုးစွဲခြင်း….
အခုခေတ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့အဖွဲ့အစည်း၊ စားသုံးသူနဲ့ သူတို့ကိုယ်တိုင်ဆီက သူတို့လိုချင်တဲ့ ရလဒ်တွေ ရရှိလာဖို့ အပြည့်အဝစိတ်ထည့်လုပ်ဆောင်ဖို့ လိုပါတယ်။
ရှေးရိုးစွဲမူဝါဒတွေကို ရှင်းထုတ်လိုက်ပါ။ တစ်ခါတစ်လေမှာ လုပ်ရိုးလုပ်စဉ်နည်းလမ်းအတိုင်း ရှေးရိုးစွဲပြီး မစွန့်စားရဲတာက အခွင့်အရေးကို လက်လွှတ်လိုက်ရပါလိမ့်မယ်။
၁၀။ အတင်းအဖျင်းစကားတွေကို လက်ခံခြင်း . …
အတင်းအဖျင်းစကားတွေကို ပျံ့နှံ့စေခြင်းက ယုံကြည်မှုကို ပျက်ပြားစေပါတယ်။
ဒါ့အပြင် ဘာပြောပြော နောက်ကွယ်မှာ စကားတွေပျံ့မှာကိုလည်း အားလုံးက စိုးရိမ်နေကြရပါလိမ့်မယ်။
အတင်းအဖျင်းပြောတတ်တဲ့ခေါင်းဆောင် ဒါမှမဟုတ် အတင်းအဖျင်းတွေကို မရှင်းလင်းတဲ့ခေါင်းဆောင်ဟာ လုပ်ငန်းရဲ့ ကျင့်ဝတ်သိက္ခာကို ထိခိုက်စေပါတယ်။
၁၁။ အသိပေးဆက်သွယ်မှုစနစ် မကောင်းခြင်း…..
ခေါင်းဆောင်တွေဟာ လုပ်ငန်းနဲ့ပတ်သက်တဲ့ စိတ်ကူးအကြံဉာဏ်တွေ ထုတ်ပြီးလုပ်ဆောင်တတ်ကြပါတယ်။
ဒါပေမယ့် ဝန်ထမ်းတွေကို အသိမပေးဘူး၊ မဝေမျှဘူးဆိုရင် နှစ်ဖက်စလုံးအတွက် စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။
ခေါင်းဆောင်တွေအနေနဲ့ လုပ်ဆောင်ရမယ့် စိတ်ကူးနဲ့ အစီအစဉ်တွေကို ချရေးထားပြီး နောက်လိုက်ဝန်ထမ်းတွေ အားလုံးနားလည်နိုင်အောင် အသိပေးထားဖို့ လိုပါတယ်။
၁၂။ တဖက်ပိတ်စိတ်ဓာတ်ရှိခြင်း….
ခေါင်းဆောင်တွေဟာ ဝေဖန်အကြံပြုသံတွေ၊ စိတ်ကူးအကြံဉာဏ်တွေကို လက်ခံနိုင်တဲ့ စိတ်ဓာတ်ရှိဖို့ အရေးကြီးပါတယ်။
တစ်ဖက်ပိတ်စိတ်ဓာတ်နဲ့ အမြင်ပြောင်းဖို့ စိတ်ကူးမရှိဘူးဆိုရင် ဝန်ထမ်းတွေအတွက်ရော လုပ်ငန်းအတွက်ပါ အဆင်ပြေမှာမဟုတ်ပါဘူး။
၁၃။ အပြစ်လွှဲချခြင်း….
သင့်အဖွဲ့အစည်းရဲ့ ကျရှုံးမှု၊ အောင်မြင်မှုအားလုံးက သင့်တာဝန်ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် တစ်နေ့တာပြီးဆုံးသွားရင် တာဝန်အားလုံးကို ယူရမှာက ခေါင်းဆောင်လုပ်သူပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် အဆင်မပြေဖြစ်ရတဲ့ကိစ္စတွေအတွက် အပြစ်တင်မနေပဲ ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါ။
၁၄။ မတည်ငြိမ်ခြင်း…
ခေါင်းဆောင်တွေအနေနဲ့ အပြောင်းအလဲများလို့ မဖြစ်ပါဘူး။
ခေါင်းဆောင်တစ်ယောက်က ခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်နေမယ်ဆိုရင် နောက်လိုက်ဝန်ထမ်းတွေကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။
လုပ်မယ်လို့ဆုံးဖြတ်ထားတာတွေကို ဘယ်လိုအခြေအနေရှိရှိလုပ်ဆောင်တာက အဖွဲ့အစည်းအတွင်း ယုံကြည်မှုကို တည်ဆောက်ပြီးသား ဖြစ်စေပါတယ်။
၁၅။ အလိုက်သင့်ပြောင်းလဲဖို့ နှေးကွေးခြင်း….
လိုအပ်တဲ့ အသိပညာဗဟုသုတမရှိပဲ၊ အလိုက်သင့်မပြောင်းလဲနိုင်တဲ့ ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချက်တွေ မပြတ်မသားဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေ များလာတတ်ပါတယ်။
ဒီလိုခေါင်းဆောင်မျိုးတွေကို ဝန်ထမ်းတွေက ယုံကြည်မှုမရှိဖြစ်သွားတတ်ပါတယ်။
Credit > gentleman