သူယောင်မယ် ၊ သူယောင်သီး အမှန်တကယ် ရှိသလား?

သူယောင်မယ် – သူယောင်သီး´ ဟူ၍ကြားဖူးပါသည်။ယုံတမ်းစကားလား၊ တကယ်ရှိတာလား သိလိုပါသည်။

ဗုဒ္ဓစာပေ ပိဋကတ်၌ ပြဆိုထားချက် ရှိပါက ကျမ်းစာအကိုးအကားဖြင့် ဖြေကြားတော်မှုကြပါရန်နှင့်၊

ရှေးဟောင်းစာပေများ၌ တွေ့ကြုံရဖူးကလည်း ထိုကျမ်းများအရ ဖြေကြားပေးတော်မှုကြပါရန် အနုးအညွတ် တောင်းပန်သည်။

စိတ်၀င်စားသူ ~သူယောင်မယ် အကြောင်းကို ပိဋကတ်စာပေတွင် အလမ္ဗုသာဇာတ် အဋ္ဌကထာ၌သာ တွေ့ဖူး၏။ အလမ္ဗုသာဇာတ် အကျဉ်းချုပ်မှာ ဤသို့ဖြစ်၏။

ဗာရာဏသီပြည်တွင်ဗြဟ္မဒတ်မင်း စိုးစံစဉ် ဘုရားလောင်းသည် ကာသိတိုင်းတွင် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်ရောက်ကား အတတ် ပညာစုံသောအခါ၌ ရသေ့၀တ်ကာ တော၌နေလေ၏။

တနေ့တွင် သမင်မတစ်ကောင်သည်- ဘုရားအလောင်းရသေ့ ကျင်ငယ်စွန့်ရာ အရပ်၌ သုတ်ရေနှင့် ရောသောမြတ်ကို စားမိကာ ကိုယ်၀န်တည်လေ၏။

ထိုအခါမှစ၍ ရသေ့၏ ကျောင်းနားမှ မခွါတော့ပေ။ နောင်အခါ လူသားကလေးငယ်ကို မွေးဖွားလေ၏။

ဘုရားအလောင်းသည် ထိုသူငယ်ကို သားဟူသော ချစ်ခြင်းဖြင့် မွေးမြူလျက် `ဣသိသိင်္ဂ´ ဟု အမည်ပေးထား၏။

ဘုရားလောင်းသည် `ဣသိသိင်္ဂ´ သိကြားနားလည်သော အရွယ်သို့ ရောက်သောအခါ ရသေ့၀တ်ပေးထား၏။

အသက်အရွယ် ကြီးရင့်နေပြီ- ဖြစ်သော ဘုရားလောင်း ရသေ့သည် ၏သိသိင်္ဂရသေ့ကို နာရိ၀န- မည်သော သူယောင်မယ်တောသို့ ခေါ်သွား၍

`တာတ ဣမသ္မိံ ဟိမဝန္တေ ဣမေဟိ ပုပ္ဖေဟိ သဒိသာ ဣတ္ထိယော နာမ ဟောန္တိ၊ ( ချစ်သား ဤဟိမ၀န္တာ၌ – ဤပန်းတို့နှင့် တူကုန်သော ဣတ္ထိယ-ခေါ် မိန်မတို့ ရှိကုန်၏။)

တာ အတ္တနော ၀သံ ဂတေ မဟာဝိနာသံ ပါပေန္တိ၊( ထိုမိန်းမတို့သည် မိမိအလိုသို့ လိုက်သောသူတို့ကို ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေကြကုန်၏။)

န တာသံ ၀သံ နာမ ဂန္တုံ ၀ဋ္ဋတိ၊ (ထိုမိန်းမတို့၏ အလိုသို့ လိုက်ပါခြင်းငှါ မသင့်။) ဟု ဆုံးမစကားပြောကြားကာ နောင်သောအခါ ကွယ်လွန်၍ ဗြဟ္မာ့ပြည်သို့ ရောက်လေ၏။

ဣသိသိင်္ဂရသေ့လည်း ရရှိထားသော စျာန်ကိုကစားရင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်လေရာ သိကြားမင်း၏ ဗိမာန်ပင် တုန်လှုပ်လေ၏။

သိကြားမင်းသည် စုံစမ်းဆင်ခြင်၍ ထိုရသေ့၏ သီလတန်ခိုးကြောင့် တုန်လှုပ်ခြင်းဖြစ်ကြောင်း သိသဖြင့် `ငါ့နေရာကို လိုချင်လို့များလား´ ဟု ယုံမှားသံသယဖြင့်၊

ကြောက်ရွံလှသဖြင့် အလမ္ဗုသာ မည်သော နတ်သမီးကို စေလွှတ်၍ ထို ဣသိသိင်္ဂ ရသေ့၏ သီလကို ဖျက်ဆီးလေ၏။

မိန်းမနှင့်တူတာဆိုလို့ ကမလာ-ဟူသော သူယောင်မယ်နွယ်ပွင့် ကိုသာမြင်ဖူးသော ဣသိသိင်္ဂရသေ့အဖို့ အလမ္ဗုသာနတ်သမီး၏ မာယာညွှတ်ကွင်းသို့ အလွယ်တကူပင် သက်ဆင်းမိလေ၏။

အလမ္ဗုသာနတ်သမီး၏ အထိအတွေ့မှာ မူးမေ့ကာ စျာန်တရားတို့လည်း ကွယ်ပျောက်ခဲ့ရ၏။

သတိရ၍ အဖြစ်အပျက်- အကြောင်းစုံကို သိရှိဆင်ခြင်နိုင်သောအခါ ဖခင်ကြီး တချိန်က ဆုံးမခဲ့သည်ကို နားမထောင်မိခဲ့သည့် အဖြစ်ကို နောင်တရမိလေ၏။

ကာမရာဂကို ပယ်၍ စျာန်ကိုလည်း တဖန်ဖြစ်စေနိုင်ခဲ့၏။ ( ဇာတက ဋ္ဌ- ၅- ၁၆၁)

ဤဇာတ်တော်၌ပါသော ကမလာ ဝုစ္စတိ နာရီပုပ္ဖလတာ- ဟူသောဖွင့်ဆိုချက်အရ သူယောင်မယ်- ဟူသည် အပင်မှသီးသော အသီးမျိုးမဟုတ်၊ အနွယ်မှဖြစ်သော အပွင့်တစ်မျိုးဟု မှတ်အပ်၏။

ထို့ကြောင့်ပင် သတပဒိက ပုစ္ဆာ ဝိသဇ္ဇနာကျမ်း၌ မန်လည်ဆရာတော်က-`ရွှေသူယောင်၊ မတူအောင် လူလိုလှတယ်လို့၊ ဆိုကြစကား။

မြတ်ဘုန်းကြွယ်၊ ပင်စောက်အနွယ်နှင့်၊သူယောင်မယ် ရှုမငြီးငယ်တို့၊ သီးပွင့်လေလား။´ ဟု မေးအပ်သောအမေးကို

မင်းကွန်းဆရာတော်က-`ရွှေသူယောင်၊ မတူအောင် လူလိုလှတယ်လို့၊ ဆိုကြစကား။ သူယောင်မယ်၊ အလှသူကြွယ်လို့၊ ကမလာနွယ် ခေါင်အညွတ်မှာ၊ မြူးကွန့်ဟန် အလွန်တင့်တယ်၊ ပန်းပွင့်မှတ်သား။´ ဟု ဖြေကြားတော်မှုပါသည်။ ( အဋ္ဌစတ္တာလီသမ ပုစ္ဆာနှင့် ဝိသဇ္ဇနာ)

သမန္တစက္ခု ဒီပနီကျမ်း ( န၀မတွဲ) ၁၅၅= ပုစ္ဆာ ဝိသဇ္ဇနာ (စာ- ၅၉၆)၌လည်း ထိုသူယောင်အကြောင်းအရာလာရှိ၏။

သူယောင်တောနှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာ သိရသောကျမ်းမှာ ကျီးသဲလေးထပ် ဆရာတော်၏ မဟာ၀င် ၀တ္ထုဖြစ်၏။

ထိုမဟာ၀င် ၀တ္တုကျမ်းမှ ဇမ္ဗုဒီပစာတမ်းတွင်- `သူယောင်တော ဟူရာ၌´ ပါဠိတွင် (နရ၀နံ) ဟူ၍ရှိသည်။ မြန်မာပြန်သော် လူရုပ်သီးသော တောဟု ဆိုသည်။

ထိုတော၌ သစ်ပင်မှဖြစ်သော အသီးတို့သည် ဆယ့်ငါးနှစ်ရွယ်၊ ဆယ့်ခြောက်နှစ်ရွယ်ဖြင့် တန်ဆာဆင်အပ်သော မိန်းမငယ် ယောက်ျားငယ်ကဲ့သို့ တင့်တယ်သော မိန်းမသဏ္ဍာန်၊ ယောက်ျား သဏ္ဍာန်ချည်း သီးကုန်သည်။

ဦးစွန်းနေရာမှ အညှာတို့သည် ဖြစ်ကုန်၏။ တွဲရရွဲဆွဲလျက်သာ တည်ကုန်၏။ လေခတ်သောအခါ ကခုန် မြူးထူးဘိ သကဲသို့လည်းကောင်း၊ တစ်ဦးသည် တစ်ဦးအား ပိုက်နွှဲဖက်ယမ်းဘိ သကဲ့သို့လည်းကောင်း ဖြစ်ကုန်၏။

ထိုသူယောင်တောဌာနသို့ ရာဂမကင်းသေးသော စျာနလာဘီ ဇော်ဂျီရသေ့တို့ ရောက်၍မြင်ရလျှင် ရွှင်လန်းတပ်မက်သော ရာဂစိတ်သည် နှိပ်နယ်၍ မရအောင်ဖြစ်ရာ၏။

ရာဂကင်းကွာသော ရဟန္တာအရှင်မြတ်တို့မှ-သော်လည်း ထိုအသီးတို့၏ အသွင်ကိုမြင်လျှင် ရွှင်လန်းရယ်မြူးမိချေ၏။

ထိုအသီးတို့ မှည့်ရင့်သောအခါ ငှတ်တို့သာလျှင် စားကုန်၏။ ငှက်စားပြီး၍ စွန့်ပစ်သော အစေ့တို့၏ ရနံ့သည် သုသာန်ပြင်ကဲ့သို့ စက်ဆုတ်ဖွယ်ရှိသတည်း။´စသည်ဖြင့် လာရှိပါသည်။

သူယောင်အကြောင်း တစေ့တစောင်း ၊ ပြန်ပြောင်းဖော်ထုတ် လေ့လာခြင်း

” သူယောင်ဟာ အပွင့်လား ၊ အသီးလား၊ အနွယ်လား၊ ပင်စောက်လားဆိုတာ မန်လည်ဆရာတော်က မေးတဲ့အတွက် အလယ်တောရဆရာတော် ဖြေဆိုတော်မူတဲ့ သဘာဒိကပုစ္ဆာ ၄၈-က ထုတ်နူတ်ပြီး ဖြေလိုက်ရတော့မှာပဲ ”

“မန်လည်ဆရာတော်က သူယောင်ဟာ လူလိုလှတယ်လို့ ပြောကြပါတယ်တဲ့ ၊ ဒီသူယောင်ဟာ အနွယ်လား ၊ အပွင့်လား ၊ အသီးလား၊ ပင်စောက်လားလို့ ဒွေးချိုးကဗျာလေးနဲ့ ဒီလိုမေးထားပါတယ် …။

ရွှေသူယောင်၊မတူအောင်လူလိုလှတယ်လို့ ဆိုကြစကား၊
မြတ်ဘုန်းကြွယ် ၊ ပင်စောက်အနွယ်နှင့်သူယောင်မယ်ရှုမငြီးငယ်တို့၊ သီးပွင့်လေလား ။

မန်လည်ဆရာတော်က ဒွေးချိုးလေးနဲ့ ဒီလိုမေးတော့အလယ်တောရဆရာတော်ကလည်း ဒွေးချိုးလေးနဲ့ ပြန်ဖြေပါတယ် ။

ရွှေသူယောင်၊မတူအောင်လူလိုလှတယ်လို့ ဆိုကြစကား၊
သူယောင်မယ် ၊ အလှသူကြွယ်လို့၊ကမလာနွယ် ၊ ခေါင်အညွန့်မှာ၊မြူးကွန့်ဟန် ၊ အလွန်တင့်တယ်၊ ပန်းပွင့်မှတ်သား ။

အလယ်တောရဆရာတော်က စတ္တာလီသနိပါတ် အလမ္ဗူသာဇတ်ကို ကိုးပြီး သူယောင်ဟာ ကမလာမျိုးဖြစ်ပြီးအသီးမဟုတ် အပွင့်လို့ ဖြေဆိုထားပါတယ်။

ဆရာတော်ကိုးကားတဲ့ အလမ္ဗူသာဇတ်ကို ကြည့်လိုက်တော့ ဘုရားအလောင်းရသေ့ထံမှာ သမင်မကမွေးတဲ့ က္ကုသိသိင်္ဂဆိုတဲ့ ရသေ့ငယ်ရှိပါတယ်။

သည်ရသေ့ငယ်ဟာ တောတွင်းမှာ ကြီးပြင်းရသူဖြစ်လို့ ဖခင်ရသေ့ကြီးမှတပါး လူသားကိုမမြင်ဖူးပါဘူး။

အလောင်းတော်ရသေ့ကြီးအိုမင်းလာတော့ ၊ ငါ့သားဟာ လူကိုမမြင်ဖူးဘူး၊ အကယ်၍ လူမိန်းခလေးနဲ့တွေ့လျှင် ပျက်စီးသွားနိုင်တယ် ။

ဒါကြောင့် မိန်းမနဲ့တူတဲ့ သူယောင်မယ်များကိုပြပြီး ဆုံးမမှ တော်မယ်လို့တွေးကာ က္ကုသိသိင်္ဂကို သူယောင်တောကို ခေါ်သွားပါတယ်။

သူယောင်တောရောက်တော့ မိန်းမသဏ္ဍန်ပွင့်နေကြတဲ့သူယောင်ပွင့်များကို ညွှန်ပြပြီး

“ချစ်သား… ဤပန်းပွင့်များနဲ့တူတဲ့ လူမိန်းမများ ရှိကြတယ် ၊ ထိုမိန်းမများရဲ့ အလိုကိုလိုက်လျှင် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်တယ်” လို့ ဆုံးမသတဲ့ အဲ့ဒီလိုဆုံးမစကားယူပြီး၊

သူယောင်ဟာ ပင်စောင်မဟုတ်သော နွယ်ပင်ကပွင့်တဲ့ အပွင့်လို့ ဖြေဆိုတော် မူခဲ့တယ် ။

ပင်စောက်နှင့်အသီး

သူယောင်ဟာ ပင်စောက်မဟုတ်သော နွယ်ပင်၊ အသီးမဟုတ်သော အပွင့်လို့ အလမ္ဗူသာဇတ်က ဆိုသော်လည်း လောကပညတ္တိကျမ်းကတော့”

နရဝနေ နရဖလာနိ” စသောအားဖြင့် သူယောင်ဟာ အနွယ်မဟုတ်သော ပင်စောက် ၊ အပွင့်မဟုတ်သော အသီးလို့ ပြဆိုထားတယ် ။လာကပညတ္တိကျမ်းရဲ့ ပြဆိုပုံကို အကျဉ်းပြောပြပါဦးမယ်.

ဤဇမ္ဗူဒိပ်ကျွန်းရဲ့ မြောက်စွန်းမှာ ဇမ္ဗူသပြေပင်ကြီး ရှိသတဲ့ ။
အစောက်ယုဇနာ တစ်ရာမြင့်ပြီး ၊ ပင်စည်လုံးပတ် တစ်ဆယ့်ငါးယူဇနာ ရှိသတဲ့ ။အဲဒီ ဇမ္ဗူသပြေပင်ကြီးကိုရံပြီး …

(၁) သျှိသျှားတော
(၂) သဖန်းတော
(၃) သရက်တော
(၄) အင်ကြင်းတော
(၅) ထန်းတော

(၆) သူယောင်တော
(၇) ငှက်ပျောတော
(၈) အုန်းတော
(၉) သီးပင်တောများ တည်ရှိကြသတဲ့ ၊

တောကြီးတစ်တောလျှင် ယူဇနာ ၅၀ အနံကျယ်သတဲ့၊ အဲ့ဒီတောများအနက် သူယောင်တောကို နရဝနလို့ ဖော်ပြထားတယ် ၊ နရဝနသစ်ပင်က လူနှင့်တူတဲ့အသီးများကို သီးသတဲ့ ၊ လူရုပ်သီးများဟာ ၁၅ နှစ် – ၁၆ နှစ် အရွယ် မိန်းမငယ် ယောက်ျားငယ်များလို တင့်တယ်ကြတယ် ၊

ဦးစွန်းက အညှာဖြစ်ပြီး တွဲရရွဲဆွဲနေကြတယ်၊ လေတိုက်တဲ့အခါ ကတော့မလို ခုန်တော့မလို ဖက်တော့မလို လှုပ်ရှားနေကြလို့ ရာဂနဲ့မကင်းသေးတဲ့ စျာန်ရပုဂ္ဂိုလ်များ၊ ဝိဇ္ဇာ ၊ ဇော်ဂျီများ မြင်ရလျှင် ရဂစိတ်များ ယိုဖိတ်လာခဲ့တတ်ကြတယ် ၊ ရာဂကင်းပြီးသော ရဟန္တာသော်ပင် ရယ်ရွှင်မိတတ်ကြသေးတယ်တဲ့ ။

သူယောင်သီးများမှည့်တဲ့အခါ ငှက်များက စားကြသတဲ့
ငှက်စားပြီး စွန့်ပစ်တဲ့ သူယောင်သီး သူယောင်စေ့များရဲ့ ရနံ့ဟာ လူသေပုပ်နံ့လို အလွန်စက်ဆုပ်ဖွယ်ကောင်းသတဲ့. ။

ယခုပြောခဲ့တာက လောကပညတ္တိကျမ်းရဲ့အဆိုဖြစ်ပါတယ်။ အဆို( ၂ )ခုအနက် လောကပညတ္တိကျမ်းက လောကီဖြစ်လို့ မခိုင်မာဘူး ၊ မလမ္ဗူသာဇတ်က ဘုရားဟောဖြစ်လို့ ခိုင်မာတယ် ။

ဒါကြောင့်… သူယောင်ဟာ ပင်စောက်မဟုတ်ဘူး ၊ နွယ်ပင်ဖြစ်ပြီး အသီးမဟုတ်သော အပွင့်လို့ ခိုင်ခိုင်မာမာ
မှတ်ချက်ယူသင့်ပါကြောင်း။

သူယောင်ပင်၊သူယောင်သီး၊သူယောင်မယ်

ပျိုရွယ်အစစ် ဆယ့်ခြောက်နှစ် ဦးသစ်ရွှေပမာ။ပုထုဇဉ်လျှင် စိတ်ပျော်ရွှင် မြင်က တတ်(တပ်)သည်သာ။ရဟန္တာမြတ် စိတ်မညွတ် မြင်လတ်ပြုံးရယ်ကာ။

လူဟန်မကြီး ထိုသစ်သီး မှည့်ပြီးငှက်အစာ။ငှက်တိုစားလေ့ ထိုအစေ့ ကြွေရွေ့ ပင်အောက်မှာ။
သစ်စေ့ကြွေကျ ကောင်တလ္လ တစဟူသည်သာ။

လူရိုးလူတောင် ပမာဆောင် ယခေါင်ထိုရပ်မှာ။အံ့ဘွယ်သရဲ ကြားမြင်ခဲ တောထဲမြိုင်ခန်းဝါ။

မှတ်စုစာအုပ်ထဲမှာတော့ `ခင်ကြီးဦးပြည့် စီရင်သည့် သာရကထာ သံပေါက်လို့ရေးမှတ်ထားဖူးပါတယ်။

သူယောင်သီးနဲ့ပတ်သက်လို့တော့…Botanyဆရာဒေါက်တာသက်နိုင်ဦး(မုံရွာတက္ကသိုလ်)ထံမှ အောက်ပါအတိုင်း ဖော်ပြထားပါသည်ကို တွေ့ရှိရပါတယ်။

တရုပ်ပြည်က ထူးဆန်းသောသစ်သီးများ

မိတ်ဆွေတဦးက မေးဖူးသည် ၊ သူယောင်သီးဆိုတာရှိလား ဆရာတဲ့ ၊ ဇော်ဂျီ ရဲ့ ဆေးကြိမ်လုံးနဲ့ တို့ထိရုံနဲ့၊

အသီးဘဝကနေ အလွန်တရာချောမောလှပသည့် မိန်းမပျို ဘဝပြောင်းလဲသွားပြီး ပျော်ပါးကြသည်လို့ကြားဖူးပါသည်၊

Botany ဆရာကတော့ရှင်းသည် သူယောင်သီးလည်းမရှိပါ၊ မျိုးရင်းလည်း မရှိပါ။

လူကဖန်တီးထားသော အသီးတွေပါလို့ရှင်းပြရသည်၊ တခါက Facebook လောကမှာ လူတွေ အထူးအဆန်းသဖွယ် ကြည့်ခဲ့ဖူးသော ပုံတပုံကိုမှတ်မိဦးမှာပါ၊

အမျိုးသမီးကိုယ်လုံးတီးပုံစံအသီး တွေပါ၊ အပင်ပေါ်ကနေတွဲလျားကျနေသော မိန်းမလုံးတီးအသီးတွေအများကြီး.. ထူးထူးဆန်းဆန်း ဆိုပြီး share လိုက်ကြတာ

တရုပ်ပြည်မှာ အဲဒီလိုအသီးပုံစံတွေကမဆန်းတော့ပါ၊ လိုခြင်သော ပုံစံ မိုလ် ကို ဖန်လို အလင်းပေါက်သည့် ပစ္စည်းနဲ့လုပ်ထားပြီး အသီးအနုပေါ်မှာ တပ်ဆင်လိုက်တယ်၊ အသီးက ကျဉ်းထဲကျပ်တည်း ကြီးထွားရင်း နောင်တော့ လိုခြင်သောအသီးပုံရလာတော့တယ်။

ဘုရားပုံစံအသီး ၊လေးထောင့်ပုံစံ ဖရဲသီး၊ အသဲနှလုံးပုံဖရဲသီး ၊ အံဇာတုံးပုံပန်းသီး.. စသည်ဖြင့် လိုသလို ပုံသွင်း စိုက်ကြတယ်၊ အမြင်ဆန်းတာပေါ့ ၊စျေးတော့ကြီးမယ်ထင်တယ်၊ Botanist ဖြစ်တဲ့သူက အခြားလူရေးတာကိုဖတ်ပြီး share တယ်။

ဒီပုံကို share ရင် ထီပေါက်မယ် စီးပွားရေးကံကောင်းမယ် စသောစသော post တွေကို မကြာမကြာတွေ့နေရလို့ပါ၊
ကိုယ်ညံ့တာ လူမသိစေခြင်ပါ၊

တကယ်တော့ ဒီအသီးလေးတွေက အသီး အစစ်တွေပါ ၊စားလို့လည်းရတယ်၊ ဒါပေမဲ့ artificial fruits လေးတွေပါ၊ လောလောဆယ် “သူယောင်သီး” အစစ်သာ ဖြစ်လို့ကတော့ ကျနော်လည်း တပင်လောက် လိုခြင်သားဗျာ.။

စာပေးကျမ်းဂန်အရ သူယောင်သီး သူယောင်ပင် သူယောင်တော အမှန်တကယ်ရှိခဲ့သည်ကိုတော့ အမှန်ပင်ဖြစ်သည်။

သို့သော် အဆိုပါသူယောင်ပင် သူယောင်သီးသည် ယနေ့ခေတ်လူတို့ ညွှန်းဆိုရောင်းချနေသည့် သူယောင်သီးတော့ မဟုတ်နိုင်ပါ။

နာမည်ကိုသာယူသုံးပြီး လူတို့ ပြုလုပ်ဖန်တီးထားသော သူယောင်သီးအမည်ခံ သူယောင်သီးများသာ ဖြစ်ပေတော့သည်။

စကြာဝဠာတစ်ခွင်မပြောနှင့် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးပင် လူသားများရောက်ရှိသွားလာနိုင်သည်မှာ ကမ္ဘာမြေကြီး၏ ခန့်မှန်းသုံးပုံ တစ်ပုံမျှသာရှိသေးသည်ဟု မှတ်သားဖူးပါသည်။

ထိုအတွက် သူယောင်ပင် ရှိခဲ့မည်ဆိုပါကလည်း ရှေးကစာပေအထောက်အထားကျမ်းဂန်များသာ ကျန်ရှိပြီး ကမ္ဘာမြေ၏ မည်သည့်နေရာ အရပ်ဒေသကို ညွှန်းဆိုခဲ့သည်ကို သာမန်လူတို့ဉာဏ်မျက်စိဖြင့် မသိနိုင်ပါ။

ထို့အပြင် ကမ္ဘာမြေကြီးသည်ပင်လျင် ပျက်စီးလိုက် ပြန်ဖြစ်ပေါ်လိုက်ဖြင့်က အင်္သချေပေါင်းမနည်းတော့ပြီ ဖြစ်သည်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website