အကြွေးနွံထဲက မြန်မြန် ရုန်းထွက်စေနိုင်မယ့် နည်းလမ်း (၇) သွယ်

အကြွေးတင်နေတဲ့အခြေအနေမျိုးဆိုတာ တော်တော်လေး စိတ်ညစ်စရာကောင်းပါတယ်။

အကြွေးတင်သွားရင် ကိုယ့်ရဲ့ဝင်ငွေကို သေသေချာချ ာကောင်းကောင်းစီမံခန့်ခွဲပြီး စည်းကမ်းရှိရှိသုံးစွဲရင်းနဲ့ ပြန်ဆပ်နိုင်ပါတယ်။

တစ်ခါတစ်လေ တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်ရတာမျိုးတောင် ရှိတတ်ပါတယ်။

အကြွေးပြန်ပြန်ဆပ်နေရတာနဲ့ တင် လိုချင်တာ မဝယ်ရ၊ စားချင်တာ မစားရ၊ သွားချင်တာ မသွားရ ဖြစ်လာပါတယ်။

အကြွေးပြန်ဆပ်တယ်ဆိုတာ ကိုယ့်အသုံးစရိတ်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့အတွက် အကြွေးပြန်ဆပ်ဖို့ ငွေကြေးစီမံတဲ့အခါ ငွေကြေးစီမံနည်း အဆင့် (၅) ဆင့် ကို အသုံးပြုနိုင်ပါတယ်။

ငွေကြေးဆိုင်ရာ အထိန်းအကွပ်ပြန်လည် ရရှိဖို့အတွက် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတစ်ချို့ကိုလည်း ဖော်ပြပေးထားပါတယ်။

၁။ အကြွေးတွေအများကြီးထဲက တစ်ခုကို အပြည့်ပြန်ဆပ်ပါ။

အကြွေးတွေ တစ်ခုထက် ပိုပြီး ရှိတယ်ဆိုရင် အဲဒီအထဲကတစ်ခုကို အပြည့် အရင်ဆပ်ပါ။

ဒီနည်းက ငွေနည်းနည်း ပိုစုမိစေပါလိမ့်မယ်။ တခြားကျန်နေသေးတဲ့ အကြွေးတွေရဲ့ အတိုးနဲ့ ပြစ်ဒဏ်ကြေးတွေကိုလည်း ပေးတော့ ပေးနေရပါလိမ့်မယ်။

ဒါပေမယ့် အကြွေးတစ်ခုကို လုံးဝအပြည့်ဆပ်ပြီးပြီ ဖြစ်တဲ့အတွက် အတိုးနဲ့ ဒဏ်ကြေးတွေ လျော့သွားမှာဖြစ်လို့ ရေရှည်မှာလည်း သက်သာပြီး စီမံခန့်ခွဲရတာလည်း အဆင်ပြေစေပါတယ်။

၂။ အတိုးအများဆုံး အကြွေးကို အရင်ဆပ်ပါ။

တင်နေတဲ့ အကြွေးအားလုံးမှာ အတိုးတွေနဲ့ အနည်းဆုံးပြန်ဆပ်ငွေတွေကို ပေးရတယ်ဆိုရင်တော့ ကျန်တဲ့ငွေတွေနဲ့ ကြေးအကြီးဆုံး (အတိုးအများဆုံး) အကြွေးကို အရင်ဆုံးဆပ်ပါ။

ဒီနည်းနဲ့ အတိုးတွေကို လျှော့ချနိုင်ပါတယ်။

၃။ ပိုင်ဆိုင်ပစ္စည်းအချို့ကို ရောင်းချပါ။

ပိုက်ဆံပြန်ရမယ့် ရောင်းလို့ရတဲ့ ပစ္စည်းမျိုးရှိရင် ရောင်းလိုက်ပါ။

ပိုက်ဆံနည်းနည်းဘဲ ပြန်ရမယ်ဆိုရင်တောင် ဒါက အကြွေးတွေထဲကနေ အမြန်ရုန်းထွက်နိုင်ဖို့အတွက် အကူအညီဖြစ်ပါတယ်။

ဒီလိုရောင်းချပြီး ပြန်ဆပ်လိုက်တဲ့အတွက် အတိုးတွေကို အများကြီး ပြန်ဆပ်စရာ မလိုတော့ဘဲ လိုအပ်တဲ့အရာတွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၄။ မိသားစု သို့မဟုတ် သူငယ်ချင်းများထံမှ ငွေချေးပါ။

အကြွေးတွေအရမ်းများနေပြီဆိုရင်တော့ သူငယ်ချင်း၊ မိသားစုဝင်တွေဆီက ငွေချေးဖို့ စဉ်းစားရပါတော့မယ်။

သူငယ်ချင်း မိသားစုတွေ ဖြစ်တဲ့အတွက် အတိုးနှုန်း နည်းနည်းနဲ့ ချေးပေးကောင်း ချေးပေးနိုင်ပါတယ်။

ဒါပေမယ့် ဒီငွေတွေကို ပြန်ဆပ်ဖို့အတွက် ကိုယ့်မှာ အစီအစဉ်ကောင်းတွေရှိဖို့လည်း လိုပါသေးတယ်။ ချေးယူတာဖြစ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့အချိန်မှာ ပြန်ဆပ်ဖို့ လိုအပ်ပါတယ်။

မဟုတ်ရင် နောက်နောင် ကိုယ်အရေးတကြီးလိုအပ်လာတဲ့အခါ ထုတ်ချေးပေးမယ့်လူ မရှိပဲ နေပါလိမ့်မယ်။

၅။ အကြွေးတွေကို တစ်စုတစ်စည်းတည်းထားပါ…..

တကယ်လို့ အကြွေးတွေ အများကြီးရှိတယ်ဆိုရင် အကြွေးတွေအားလုံး တစ်စုတစ်စည်းတည်း ဖြစ်အောင်ထားပါ။

ဆိုလိုတာကတော့ တစ်နေရာကို နည်းနည်းစီချေးထားတဲ့ ရှိပြီးသားအကြွေးတွေအားလုံးကို ပြန်ဆပ်ဖို့အတွက် တစ်နေရာတည်းကနေ ထပ်ချေးလိုက်ပါ။ ပြီးရင် ပြန့်နေတဲ့ အကြွေးတွေကို ဆပ်လိုက်ပါ။

ဒါဆိုရင် ဆပ်ရမယ့် အကြွေးတွေက ပြန့်ကျဲမနေတော့ဘဲ တစ်စုတစ်စည်းတည်း ဖြစ်သွားတဲ့အတွက် ပိုပြီး အာရုံစိုက်နိုင်စေပါတယ်။

ဒဏ်ကြေးတွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။ အတိုးနှုန်း နည်းနည်းနဲ့ တစ်စုတစ်စည်းတည်း ပြန်ဆပ်နိုင်ဖို့အတွက် ငွေချေးပေးမယ့်သူနဲ့ သေချာညှိနှိုင်းပါ။

၆။ အသုံးစရိတ်လျှော့ပါ…..

အကြွေးတွေရှိနေပြီဆိုရင် အမြဲပြန်ဆပ်ရမှာ ဖြစ်တဲ့အတွက် အသုံးစရိတ်နဲ့ စုငွေလည်း နည်းသွားပါလိမ့်မယ်။

ဒါကြောင့် အသုံးစရိတ်တွေကို လျှော့ချပြီး အကြွေးတွေကို အမြန်ဆုံးပြန်ဆပ်နိုင်အောင် ကြိုးစားရပါမယ်။

တစ်ချို့ လျှော့ချဖို့ခက်တဲ့ အသုံးစရိတ်တွေကိုတော့ အတင်းအကြပ် လျှော့ချဖို့မလိုပါဘူး။ ဥပမာ- အိမ်ငှားခလို အသုံးစရိတ်မျိုးတော့ လျှော့ချလို့ မလွယ်ပါဘူး။

၇။ ဝင်ငွေတိုးအောင် လုပ်ပါ….

ဝင်ငွေတိုးဖို့အတွက် အလုပ်ပြောင်းတာပဲဖြစ်ဖြစ် အသေးစား စီးပွားရေးလုပ်ငန်းလေးဖြစ်ဖြစ် စလုပ်ကြည့်ပါ။

မဟုတ်ရင်လည်း Freelance လုပ်တာပဲဖြစ်ဖြစ်၊ အချိန်ပိုင်းလုပ်တာပဲဖြစ်ဖြစ်၊ Online shop လေးလုပ်ခြင်းဖြစ်ဖြစ် အပိုဝင်ငွေရှာနိုင်တဲ့ နည်းလမ်း အများကြီးရှိပါတယ်။

အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေက အကြွေးသံသရာထဲကနေ ပိုမိုမြန်ဆန်စွာ ရုန်းထွက်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် ဟပ်ချလောင်းဆိုပြီးတော့ အကြွေးတွေ ပျောက်သွားအောင်လုပ်ယူလို့တော့ ရမှာမဟုတ်ပါဘူး။

စီမံခန့်ခွဲမှုတွေ လိုက်နာဆောင်ရွက်မှုတွေလည်း လိုပါသေးတယ်။ အသုံးစရိတ်ကို သေချာတွက်ချက်ပြီး အကြွေးတွေပြန်ဆပ်နိုင်ဖို့အတွက် ငွေအသုံးအစွဲအထိန်းအကွပ်ရယူခြင်းဆိုင်ရာတွေ ကို လေ့လာနိုင်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာလေးကို ပြန်လည်မျှဝေပေးကြပါနော် ။

 

ယခုလို အချိန်ပေး ဖတ်ရှု ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ် ။ ဆက်လက်ဝေမျှပေးဖို့အတွက် ကြိုးစားပါဦးမည်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website