သီဝိဘုရင်ကြီးအရူးအမူးချစ်မိခဲ့တဲ့ ဥမ္မာဒန္တီ မင်းသမီးလေး

ရှေးအခါက သီဝိတိုင်း၊ အရိဌပုရမြို့မှာ အုပ်ချုပ်မင်းလုပ်နေသော မင်းတစ်ပါးရှိလေတယ်။

ဘုရားလောင်းမှာ ထိုမင်းရဲ့ မိဖုရားခေါင်ကြီး ဝမ်းဗိုက်မှာ ဖြစ်ပြီး ဖွားမြင်လာသော် သီဝိမင်းသားလို့ နာမည်မှည့်ကြတယ်။

မင်းကြီးရဲ့ စစ်သူကြီးမှာလည်း သားတစ်ယောက် ရလာပြီး အဘိပါရကလို့ နာမည်တွင်လေတယ်။

သီဝိမင်းသားနဲ့ အဘိပါရကတို့မှာ မိတ်ဆွေများအဖြစ် ကြီးပြင်းလာကြလို့ အသက်(၁၆)နှစ်အရွယ်မှာ တက္ကသိလာပြည်ကို သွားပြီး၊

အတတ်ပညာတို့ကို သင်ယူကာ နေပြည်တော်သို့ ပြန်လာကြတယ်။

ထို့နောက် သီဝိတိုင်းရဲ့ ဘုရင်အဖြစ် သီဝိမင်းသားအား ပေးအပ်ခံရပြီး အဘိပါရကကိုလည်း စစ်သူကြီးအရာမှာ ထားကာ တရားသဖြင့် မင်းလုပ်အုပ်ချုပ်စေတယ်။

ထိုအရိဌပုရမြို့၌ တိရိဋိဝစ္ဆအမည်ရှိသော ကုဋေ(၈၀)ကြွယ်ဝတဲ့ သူဌေးတစ်ဦးရှိလေတယ်။

သူ့သမီးမှာ ရုပ်ရည်လှပ တင့်တယ်ခြင်း အဆင်းလက္ခဏာတို့နဲ့ ပြည့်စုံပြီး ဥမ္မာဒန္တီလို့ နာမည်တွင်လေတယ်။

ဥမ္မာဒန္တီဟာ အသက်(၁၆) နှစ် အရွယ်မှာ လူ့အလှထက် ပိုကာ နတ်သမီးလေးလို၊

အလွန်လှပြီး ရှုမငြီးဖွယ်ဖြစ်လို့ မြင်ရသူတိုင်းကိုလည်း မိန်းမောစေတယ်။

အဆင်း လှပခြင်းသာမက ခန္ဓာကိုယ် ပြေပြစ်မှုတို့နဲ့လည်း ပြည့်စုံလေတယ်။

သူမကို မြင်မြင်သမျှ ပုထုဇဉ်တွေဟာလည်း ကိုယ့်သဘောနဲ့ ကောင်းကောင်းမရပ်တည်နိုင်ကြပဲ ၊

ထန်းရည်၊ အရက်မူးသူတွေပမာ ကိလေသာနဲ့ ယစ်မူးကုန်လို့ သတိပင်မကပ်နိုင်အောင် ဖြစ်ကြရတယ်။

ဥမ္မာဒန္တီရဲ့ဖခင် တိရိဋိဝစ္ဆသူဌေးက သီဝိမင်းထံ ချဉ်းကပ်လို့ သမီးရတနာမှာ မင်းကြီးနဲ့ထိုက်တန်ကြောင်း လက္ခဏာဖတ်စေရန်၊

လျှောက်ထားသော် သီဝိမင်းက ပုဏ္ဏားတွေကို စေလွှတ်လို့ လက္ခဏာဖတ်စေတယ်။

ပုဏ္ဏားများလည်း သူဌေးအိမ်သွားပြီး ပူဇော်မြတ်နိုးမှုကို ခံယူကာ နို့ဃနာကို သုံးဆောင်စဉ်၊

ဥမ္မာဒန္တီကို အဆင်းတန်ဆာအပြည့်နဲ့ မြင်လေသော် သတိမထားနိုင်ကြတော့ပဲ ကိလေသာနဲ့ ယစ်မူးကုန်တယ်။

ထမင်းစား သုံးဆောင်စဉ်မှာတောင် သတိလက်လွတ်နဲ့ တချို့က ထမင်းလုတ်ကို ယူပြီး ၊

`ငါတို့ စားကြမယ်` လို့ အမှတ်နဲ့ ဦးခေါင်းမှာ တင်ကြတယ်။ တချို့က ချိုင်းကြားမှာ ပစ်ကြတယ်။

တချို့က နံရံကို ပုတ်ခတ်ကြတယ်။ ပုဏ္ဏားအားလုံး အရူးတွေချည်း ဖြစ်ကုန်တယ်။

ဥမ္မာဒန္တီက အဲဒီပုဏ္ဏားတွေကို မြင်ပြီး “ ဒီပုဏ္ဏားတွေက ငါ့ရဲ့လက္ခဏာကို ဖတ်ကြမတဲ့လား၊

ဒီပုဏ္ဏားတွေကို လည်ပင်းကိုင်ပြီး ဆွဲထုတ်ကြပါ“ လို့ ပြောကာ ဆွဲထုတ်ခိုင်းတယ်။

ထိုအခါပုဏ္ဏားများမှာ မျက်နှာ မသာမယာနဲ့ နန်းတော်ကို ပြန်သွားပြီး ရှက်စိတ်ကြောင့် ဥမ္မာဒန္တီအပေါ် စိတ်ကွက်ကာ

“အရှင်မင်း၊ အဲဒီမိန်းမက မိန်းမယုတ် ဖြစ်ပါတယ်။ အရှင်မင်းနဲ့ မလျောက်ပတ် မထိုက်တန်ပါ“ လို့ လိမ်လည်ကာ လျှောက်တင်ကြတယ်။

သီဝိမင်းက “အယုတ်မတဲ့“လို့ ပြောပြီး ဥမ္မာဒန္တီကို အခေါ်မခိုင်းတော့ကြောင်းကို ဥမ္မာဒန္တီက ကြားသိရပြီး၊

“ ငါ့ကို မိန်းမယုတ်မို့ သီဝိမင်းက မယူတာတဲ့။ မိန်းမယုတ်ဆိုတာ ဒီလို မဟုတ်ကြပါ“ လို့ ပြောပြီး ရှိပါစေ၊

ငါဟာ အဲဒီ မင်းကို တွေ့ရရင် သိစေမယ် လို့ တွေးကာ သီဝိမင်းအပေါ် ရန်ငြိုးဖွဲ့လိုက်တယ်။

သို့နှင့် ဥမ္မာဒန္တီကို ဖခင်က အဘိပါရက စစ်သူကြီးနဲ့ လက်ဆက်ပေးလိုက်လေတယ်။ ဥမ္မာဒန္တီဟာ အဘိပါရကရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံယူရတယ်။

ဘယ်ကုသိုလ်ကံရဲ့ အကျိုးဆက်ကြောင့် ဥမ္မာဒန္တီဟာ ဒီလောက်လှရသလဲဆိုတော့ ၊

ဘဝတစ်ခုမှာ အနီရောင်အဝတ်ကို လှူခဲ့တဲ့ အလှူရဲ့ အကျိုးဆက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဥမ္မာဒန္တီဟာ ရှေးဘဝတစ်ခုမှာ ဗာရာဏသီမြို့က ဆင်းရဲတဲ့အမျိုးမှာ ဖြစ်ခဲ့လို့၊

ပွဲလမ်းသဘင်နေ့မှာ ဘုန်းကံနဲ့ပြည့်စုံတဲ့ မိန်းမတွေ ဝတ်ပန်း (ဆူးပန်းပွင့်) နဲ့ အရောင်ဆိုးထားတဲ့ အနီရောင်အဝတ်ကို ဝတ်ပြီး၊

တန်ဆာဆင်ကာ ပျော်ပါးချိန်သူလည်း အတူဝတ်ဆင်လိုစိတ်များ ဖြစ်ပေါ်လေတယ်။

မိဘတွေအား ပြောပြသော် မိဘတွေက “သမီး၊ ငါတို့က ဆင်းရဲသားတွေပဲ။

အဲဒီလို အဝတ်ကို ငါတို့ ဘယ်မှာ ရမှာလဲ“လို့ ပြောကြတယ်။ “ဒီလိုဆိုရင် သမီးကိုကြွယ်ဝချမ်းသာတဲ့ ၊

အိမ်တစ်အိမ်မှာ အခစားအဖြစ် အလုပ်လုပ်ဖို့ ခွင့်ပြုကြပါ။ သူတို့က သမီးရဲ့ဂုဏ်ကို သိပြီး ပေးကြပါလိမ့်မယ်“ လို့ ပြောတယ်။

မိဘတွေက ခွင့်ပြုလို့ အဲဒီအိမ်ကို ချဉ်းကပ်ပြီး ပြောတယ်။

“ကျွန်မဟာ ဝတ်ပန်းနဲ့ ဆိုးထားတဲ့ အနီရောင်အဝတ်အတွက် အခစားအလုပ် လုပ်ပါမယ်“။

ဆိုကာ သုံးနှစ်အလုပ်အကျွေးပြုမယ့် အကြောင်းဆိုလေတယ်။

ထို့နှင့် သုံးနှစ်မပြည့်ခင်မှာ အလုပ်ရှင်များရဲ့ ယုံကြည်မှုကို ရလို့ လိုချင်သော၊

ဝတ်ပန်းဆိုး အနီရောင်အဝတ်သာမက အခြားထူထဲသော အဝတ်များကိုပါ ရရှိခဲ့လေတယ်။

ထိုအခါ ဉမ္မာဒန္တီလောင်းလျာဟာ သူငယ်ချင်းမတွေကို ခေါ်ယူပြီး အဝတ်နီကို မြစ်ကမ်းနားမှာ ထားပြီး ရေချိုးစဉ်၊

ကဿပဘုရားရှင်ရဲ့ တပည့်ရဟန်းတစ်ဦးမှာ သင်္ကန်းလုယူခံထားရလို့ ချိုးထားတဲ့ သစ်ကိုင်းကို ဝတ်လည်းဝတ်၊

ရုံလည်းရုံကာ အဲဒီအရပ်ကို ရောက်လာသည်ကို ဥမ္မာဒန္တီလောင်းလျာက မြင်သော်

“ ဒီအရှင်မြတ်ဟာ သင်္ကန်း အလုယူခံရတာ ဖြစ်လိမ့်မယ်။ အရင်ဘဝကလည်း မလှူခဲ့လို့ ငါ့မှာ အဝတ်ကို ရဖို့ခဲယဉ်းတယ်“

လို့ တွေးကာ အဝတ်ကို နှစ်ပိုင်းခွဲလိုက်တယ်။ တစ်ပိုင်းကို အရှင်မြတ်အား ငါ လှူမယ်“ လို့ ကြံပြီး ၊

ရေထဲမှ တက်လာကာ သူမရဲ့ အဝတ်ကို ဝတ်ပြီး “ရပ်တော်မူပါဦးဘုရား“ လို့ လျှောက်တယ်။

မထေရ်ကို ရှိခိုးပြီး အဝတ်အနီကို အလယ်က ခွဲကာ အဲဒီမထေရ်အား တစ်ပိုင်းကို လှူလိုက်ပါတယ်။

အဲဒီမထေရ်က သင့်တင့်ရာအရပ်မှာ ရုံထားသော သစ်ကိုင်းကျိုးကို စွန့်ပစ်ပြီး အဲဒီအဝတ်ရဲ့၊

ထောင့်တစ်ထောင့်ကို ခါးမှာ ဝတ်ကာ တစ်ထောင့်ကို အပေါ်မှာ ရုံပြီး ထွက်ခွာသွားတယ်။

အဝတ်ရဲ့ အရောင်ကြောင့် မထေရ်ရဲ့ တစ်ကိုယ်လုံးဟာ တက်သစ်စနေပမာ တောက်ပနေသည်ကို သူမမြင်သော်၊

“ငါ့ရဲ့ အရှင်မြတ်ဟာ ပထမက မတင့်တယ်ပါ။ အခု တက်သစ်စနေပမာ တင့်တယ်နေတယ်။

ဒီကျန်တဲ့ အဝတ်ပိုင်းကိုလည်း အဲဒီမထေရ်အားသာ လှူမယ်“ လို့ တွေးကာ ဒုတိယအဝတ်ပိုင်း ကိုလည်း လှူလိုက်ပါတယ်။

လှူပြီးနောက် ဤကဲ့သို့ တောင်းဆုပြုလိုက်လေတယ်။`”အရှင်ဘုရား၊ တပည့်တော်ဟာ ဘဝသံသရာမှာ ကျင်လည်တဲ့အခါ ၊

မြင့်မြတ်တဲ့ ရုပ်အဆင်းကို ဆောင်နိုင်သူ ဖြစ်ရပါလို၏။
တပည့်တော်ကို မြင်ပြီး၊

ဘယ်ယောကျ်ားမှ ပင်ကိုယ်အနေထားနဲ့ တည်ရှိဖို့ မစွမ်းနိုင်ပါစေနဲ့။

တပည့်တော်ထက် အခြားအမျိုးသမီးက ပိုပြီး ရုပ်လှသူ မဖြစ်ပါစေနဲ့။”ဟု ဖြစ်လေတယ်။

သူမရဲ့ ကုသိုလ်ကို မထေရ်ကလည်း အနုမောဒနာပြုပြီး ဖဲသွားပါတယ်။

အဆိုပါကုသိုလ်ကြောင့် သူမဟာ နတ်ပြည်မှာ ကျင်လည်ရင်း အရိဌပုရမြို့မှာ အလွန်ချောမောလှပသော ဥမ္မာဒန္တီဖြစ်လာလေတယ်။

ဥမ္မာဒန္တီဟာ ပင်ကိုအလှနဲ့ ပြည့်စုံပြီး မျက်စိ၊ နား၊ နှာခေါင်း၊ လျှာအစ ဆံပင်အဆုံး တစ်ကိုယ်လုံးလှပလွန်းကာ မွေးညင်း၊ ခြေသည်း၊

လက်သည်း၊ အရိုးအဆစ်နဲ့တကွ အပြစ်ဆိုစရာ မရှိလောက်အောင် လှသူဖြစ်လေတယ်။

ထို့ပြင် အသားအရေမှာလည်း နူးညံ့ကာ အကြောစိမ်းများပင် ထင်းနေလေတယ်။

ဥမ္မာဒန္တီဟာ နဖူး၊မျက်မှောင်နဲ့ နှာတံတို့ လှရုံသာမက နားရွက်နှစ်ဖက်မှာ ပြန့်ကားပြီး ချစ်ဖွယ်အလွန်ကောင်းလေတယ်။

သွားများမှာလည်း ပုလဲရောင်အဆင်းရှိပြီး ခြေဖျား၊ လက်ဖျားများမှာ ပတ္တမြားသဖွယ် နီမြန်းနေလေတယ်။

နှုတ်ခမ်းအစုံမှာလည်း ကျီးအာသီးသဖွယ် နီရဲကာ ဖူးငုံနေလေတယ်။

ဒီလိုလှလွန်းတဲ့ ဉမ္မာဒန္တီရဲ့ အလှကိုသိသော လင်ယောကျ်ားဖြစ်သူ အဘိပါရကဟာ တန်ဆောင်မုန်းချိန်ခါ သီဝိမင်း တိုင်းခန်းလှည့်လည်ချိန်တွင် ဇနီးသည်၏

အလှကို ရှင်ဘုရင်မြင်သော် ဣန္ဒြေမထိန်းနိုင်မည်ကို စိုး၍ တိုင်းခန်းလှည့်လည်ချိန် အပြင်ထွက်မကြည့်မိလေရန် မှာကြားကာ မင်းနောက်ကို လိုက်ခဲ့လေတယ်။

သီဝိမင်းအား အငြိုးထားသော ဉမ္မာဒန္တီကမူ ခင်ပွန်းသည်၏ တားမြစ်မှုကို လျစ်လျူရှုလို့ မင်းကြီးလာချိန်တွင်၊

လေသာပြတင်းကိုဖွင့်လို့ ပန်းထွက်ကြဲခဲ့လေတယ်။ မင်းကြီးလည်း ဉမ္မာဒန္တီရဲ့ အလှမှာ မူးယစ်သွားရလို့ ရထားထိန်းကို သူမအကြောင်း မေးမြန်းသော် အဘိပါရကရဲ့၊

အိမ်သူမှန်းသိရ၍ ကိလေသာယစ်မူးမှုကြောင့် နန်းတော်ပြန်ကာ ညည်းညူနေရရှာတယ်။

ဤသည်ကို အဘိပါရက ကြားသိရသော် ဇနီးဖြစ်သူအား ကွာပေးမည်ဖြစ်ကြောင်းနဲ့ မင်းကြီးထံ ဇနီးသည်အား ဆက်သမည်ဖြစ်ကြောင်း ဆိုလာသော် သီဝိမင်းကြီးမှာ သံဝေဂကြီးစွာဖြင့် ငြင်းဆိုလေတယ်။

အဘိပါရကမှာ ထပ်မံဆက်သလိုကြောင်းဆိုလာ၍ စစ်သူကြီး၊ ပန်းချီ၊ကချေသည်၊ သေရည်၊ နွားလားနဲ့ မိန်းမမည်သည် လှူဒါန်းအပ်သော ဒါနမမည်ကြောင်းပြောလို့ ထပ်မံငြင်းဆိုသော် အဘိပါရကမှာ သာဓုခေါ်လေတယ်။

ထို့နောက် သီဝိမင်းကြီးမှာ သုစရိုက်တရား(၁၀)ပါးကို ကျင့်သုံးလို့ ဆက်လက်အုပ်ချုပ်မင်းလုပ်၍ ချမ်းသာစွာ နေထိုင်သွားလေတယ်။

ဒီဝတ္ထုလေးမှာ သီဝိမင်းက ဘုရားလောင်း ဖြစ်ပြီး အဘိပါရကမှာ၊

အရှင်သာရိပုတ္တရာအလောင်းဖြစ်ကာ ဥမ္မာဒန္တီက ဥပ္ပလဝဏ်ထေရီအလောင်းလျာဖြစ်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website