အိပ်ပျော်နေတုန်း လက်တွေထုံကျဉ်လာတာ ဘာကြောင့်လဲ

ညအိပ်ရင်း သန်းခေါင်ယံအချိန်မှာ လက်တွေ ထုံကျဉ်ပြီး လန့်နိုးလာတာမျိုး ဖြစ်ဖူးပါသလား။

တစ်ခါတလေ လက်အရေပြားမှာ အပ်နဲ့ ထိုးခံရသလို စူးရှတဲ့ ခံစားချက်မျိုးနဲ့ နေရထိုင်ရခက်ခဲနေပါသလား။

ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကို သိရှိလေ့လာနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

အိပ်စက်တဲ့အနေအထားမှောက်အိပ်တဲ့အခါ.

ခန္ဓာကိုယ်အောက်မှာ ဒါမှမဟုတ် ဦးခေါင်းအောက်မှာ လက်ရောက်ရှိပြီး လက် ကောက်ဝတ်နားက အာရုံကြောကို အဖိခံရရာက လက်ထုံကျဉ်ရတတ်ပါတယ်။

လက်ကောက်ဝတ်နားမှာ Median nerveလို့ ခေါ်တဲ့ အာရုံကြောတစ်ခု ရှိပါတယ်။

အဲဒီအာရုံကြောက လက်ဖဝါးလေးတွေကို အာရုံခံစားမှုဖြစ်စေပါတယ်။ ညဘက်မှာ Median nerveက အဖိခံရပြီး လက်ဖဝါးလေးတွေ ထုံကျဉ်စေရတာပါ။

လက်ထုံကျဉ်တဲ့အခါ ခါထုတ်လိုက်ရင်တော့ သက်သာသွား တတ်ပါတယ်။

လက်ကို ဖိအိပ်မိလို့မဟုတ်ဘဲ လက်တွေက မကြာခဏ ထုံကျဉ်နေရင်တော့ ဒီအကြောင်းတွေ ကြောင့်လားဆိုတာ ထပ်ပြီး ဆန်းစစ်ကြည့်ရအောင်။

ဗီ တာမင် ဘီ-၁၂ ချို့တဲ့ခြင်း – ဗီတာမင်ဘီ -၁၂ ကို အသား၊ ငါး၊ ကြက်၊ ဝက်နဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရပြီး အာရုံကြောနဲ့ သွေးဆဲလ်တွေကို ကျန်းမာစေပါတယ်။

ဗီတာမင် ဘီ- ၁၂ ချို့တဲ့ရင်လည်း အာရုံကြောဆိုင်ရာ ပြဿနာ ဖြစ်စေနိုင်ပြီး ခြေလက်တွေ ထုံကျဉ်တတ်ပါတယ်။

အရက် သောက်သုံးမှုများခြင်း – အရက်အလွန်အမင်း သောက်တတ်တဲ့သူတွေကလည်း ခြေလက်ထုံကျဉ်တာ ပိုဖြစ်တတ်တယ်လို့ သိရပါတယ်။

စိတ်ဖိစီးမှုများခြင်း – စိတ်ဖိစီးမှုများတယ်၊ ပူပင်သောကများတယ်ဆိုရင်လည်း ကိုယ်တွင်း တုံ့ပြန်မှုများပြီး ၊

စိတ်ဖိစီးမှု ဟော်မုန်းထွက်လာရာက ခန္ဓာကိုယ်တလျှောက် သွေးလှည့်ပတ်မှုနည်းတတ်ပါတယ်။

ဒီအချက်ကလည်း ခြေလက်ထုံကျဉ်မှု ပိုဖြစ်စေတာပါ။

ဆီး ချိုရောဂါရှိခြင်း –
ဆီးချိုရောဂါကလည်း ခြေလက်ထုံကျဉ်ခြင်း ဖြစ်ရတဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။

ဆီးချိုသွေးချိုရောဂါကြောင့် သွေးထဲမှာသကြားဓာတ်လေးတွေ များလာပြီး အဲ့ဒီသကြားဓာတ်လေးတွေက အာရုံကြောလေးတွေပေါ်ကို အနည်ကျတတ်ပါတယ်။

အချိန်ကြာမြင့်လာတာနဲ့အမျှ အာရုံကြောလေးတွေ ပျက်စီးလာတတ်ပြီး ခြေလက်ထုံကျဉ်တတ်ပါတယ်။

လက်ကောက်ဝတ်အသုံးပြုမှု များခြင်း – နေ့ခင်းမှာ လက်ကောက်ဝတ်အသုံးပြုမှုများတဲ့၊

အလုပ်လုပ်ရသူတွေကလည်း ညဘက်ဆိုရင် လက်ထုံကျဉ်တာ အဖြစ်များတတ်ပါတယ်။

ညအိပ်ချိန်မှာ မကြာခဏ လက်ထုံကျဉ်တတ်သူတွေအနေနဲ့ ၊

ဘာကြောင့် ဖြစ်နိုင်ခြေများသလဲဆိုတာ ဆန်းစစ်အဖြေရှာပြီး ၊

နောက်မဖြစ်အောင် ကာကွယ်နိုင်ကြစေဖို့ ဒီဆောင်းပါးလေး ရေးဖြစ်တာပါ။

Credit – မီမိုးမေ (ဆေးဝါးတက္ကသိုလ်)