ဝါး ခြောက်လုံး ဒါနကြောင့် ငရဲဘေးမှလွတ်ခဲ့သူ

ဝါး ခြောက်လုံး ဒါနကြောင့် ငရဲဘေးမှလွတ်ခဲ့သူ

ပဲခူးရိုးမအစပ်မှာ တောင်ငူဘုရင် တပင်ရွှေထီးမင်း တည်ခဲ့သော စိန်ကြီးဘုရား ဆိုတာ ရှိတယ်။

နှစ်ကြာလာပြီး ပြုပြင်မယ့်သူ မရှိတော့ ပျက်စီး၊ ယိုယွင်း နေတာပေါ့။

တစ်ခါတော့ အဲဒီ စေတီနားမှာ ရဟန်းတော်တစ်ပါး တရား လာအားထုတ်တယ်။

ကျောင်းမရှိတော့ သစ်ပင်အောက်မှာပဲ ဖြစ်သလို နေရှာတယ်။

နေပူထဲ၊ မိုးရွာထဲ ဒီအတိုင်းပဲ နေရတော့ ကြာရင် ကျန်းမာရေး ထိခိုက် လာနိုင်တာပေါ့။

အဲဒါကို စဉ်းစားမိတဲ့ ဦးမောင်ကြီး လို့ အမည်ရတဲ့ ဗုဒ္ဓဘာသာ ဒကာကြီးတစ်ယောက်က တစ်ပါးနေတဲ့ကျောင်းလေး တစ်ကျောင်း ဆောက်လှူတယ်။

အားလုံး ပြည့်စုံပြီး အခင်းနေရာကျမှ ဝါးခြောက်လုံး လိုနေတယ်။

ဦးမောင်ကြီး ရွာကလည်း အဝေးကြီး ဆိုတော့ ပြန်ယူဖို့ အချိန် မရဘူး။

ဒါနဲ့ အနီးနားရွာက ဘာသာခြားဖြစ်တဲ့ စောထီလ အမည်ရ ကရင်အမျိုးသားကြီးဆီက ဝါးခြောက်လုံး အလှူ ခံရတယ်။

ဘာသာ မတူပေမယ့် ကူညီတဲ့အနေနဲ့ စောထီလက ဝါးခြောက်လုံး လှူလိုက်ပါတယ်။

စောထီလရဲ့ ဘဝ တစ်သက်တာမှာ ဒါနဆိုလို့ အဲဒီဝါးခြောက်လုံး လှူတာပဲ ရှိပါတယ်။

စောထီလဟာ တစ်ရက်တော့ တောင်ပေါ်က ငှက်ပျောခိုင်တွေ ခုတ်ရင်း တောင်ပြိုကျလို့ မြေတွေပိပြီး သေသလို ဖြစ်သွားတယ်။

အများအမြင်ကတော့ သေသွားတယ်ပေါ့။

စောထီလဟာ သုံးရက်လောက်ထိ မေ့မျောနေပြီးမှ သတိ ပြန်ရလာတယ်။

သတိရလာတာနဲ့ စိန်ကြီးဘုရားက သူ ဝါးခြောက်လုံးလှူခဲ့တဲ့ ဆရာတော်ဆီအတင်း လိုက်ပို့ခိုင်းပြီး၊

သရဏဂုံ ဆောက်တည်ကာ ဗုဒ္ဓဘာသာထဲ ဝင်လိုက်တယ်။

သူ့ ပြောပြချက်အရ တောင်ပြိုပြီးတာနဲ့ သူ့ကို လူမည်းမည်းကြီး နှစ်ယောက်က မြေကြီးအောက်ထဲကို ညှပ်ပြီး ခေါ်သွားတယ် တဲ့။

မြေကြီးအောက်ထဲ ကျတော့ လူဝါဝါကြီး တစ်ယောက်က သူ့ကို ဘာကုသိုလ်တွေ လုပ်ခဲ့သလဲ ဆိုတာကို စစ်ဆေးတယ် တဲ့။

ဒေဝဒူတ သုတ္တန်မှာ ယမမင်းက လွှတ်ထားတဲ့ တမန် (၅)မျိုး ရှိပါတယ်။

အဲဒီ တမန် (၅)မျိုးက ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသား တို့ ပါပဲ။

ယမမင်း မေးစစ်ပုံက ” အသင်လူသား၊ အသင် လူ့ဘဝမှာ ရှိစဉ်တုန်းက သူသေကောင်ကို တွေ့ဖူးလိမ့်မည်။

ထိုသို့ သူသေကို တွေ့သည့်အခါ ငါလည်း တစ်နေ့ကျ ဒီလိုသေရမှာပါလားလို့ သံဝေဂ မဖြစ်ခဲ့ဘူးလား။

အဲဒီ သံဝေဂနဲ့အတူ သေခြင်းတရား ရောက်မလာမီ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေ ပြုထားမှ

တော်မယ်ဆိုပြီး ကုသိုလ်တွေ အားမထုတ် ခဲ့ဘူးလား ” လို့ (၅)မျိုးလုံး စုံအောင် မေးပါတယ်။ ”

တစ်မျိုးမျိုးကို မေးမြန်း စိစစ်နေရင်းနဲ့ ပြုခဲ့တဲ့ကုသိုလ်ကို အမှတ်ရ သွားရင် ငရဲကနေ ချက်ချင်းလွတ်ပြီး၊

နတ်ပြည် ရောက်သွားတဲ့ သူတွေ အများကြီး ရှိပါတယ်။ တကယ်တော့ ” ယမမင်း ” ဆိုတာ သူတော်ကောင်းကြီးပါ။

ငရဲ မကျထိုက်သူတွေ မကျရအောင် မေးမြန်း စိစစ်ပေးနေ ရှာတာပါ။

တမန် (၅)မျိုးလုံး ကုန်တဲ့အထိ ကုသိုလ်ပြုတာ တစ်ခုမှ မရှိတော့ဘူး ဆိုရင်တော့ ယမမင်းလည်း ဘာမှ မတတ်နိုင်တော့ပဲ ”

ဒုစရိုက် အကုသိုလ်ကံများကို အသင်လူသားကိုယ်တိုင် ပြုခဲ့ခြင်း ဖြစ်တယ်။

တခြားသူတွေ ပြုခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် အသင်လူသား ပြုခဲ့တဲ့၊

အကုသိုလ် ဒုစရိုက်များရဲ့ ဆိုးကျိုးကို အသင်လူသားကိုယ်တိုင် ခံပေတော့ ” လို့ ပြောပြီး၊ စိတ်မကောင်းစွာနဲ့ မျက်နှာကို တစ်ဖက် လှည့်သွားပါတယ်။ ”

” အဲဒီ အချိန်မှာပဲ ငရဲသားကြီးနှစ်ယောက်က စောထီလကို ဆွဲခေါ်ပြီး ပွက်ပွက်ဆူနေတဲ့ ဆီဒယ်အိုးကြီးထဲကို ပစ်ချ လိုက်တယ်။

အံ့သြစရာ ကောင်းတာက ဒယ်အိုးထဲကို မကျခင် လမ်းခုလတ်မှာ ဝါးခြောက်လုံးက စောထီလရဲ့ အောက်ကနေ ဒယ်အိုးထဲမကျအောင် လာခံ ထားပေးပါတယ်။ ”

ငရဲသားတွေလည်း အံ့သြသွားပြီး စောထီလကို ပြန်ပြီး မ, ယူ လိုက်တယ်။

စောထီလကို ပြန် မ, ယူလိုက်တာနဲ့ ဝါးခြောက်လုံးက ပျောက်သွား ပြန်တယ်။

တစ်ခါ ငရဲသားများက စောထီလကို ဒယ်အိုးထဲ ပြန်ပစ်ချ လိုက်တာနဲ့ ဝါးခြောက်လုံးက လာခံ နေပြန်တယ်။

သုံးကြိမ်တိုင်အောင် ပစ်ချလို့ မရမှ ငရဲသားတွေက စောထီလကို ယမမင်းကြီးထံ ပြန်ခေါ် သွားတယ်။

ယမမင်းကြီးက သေချာ စစ်ဆေးကြည့်တော့ ” စိန်ကြီးဘုရားနားမှာ သီတင်းသုံးတဲ့ ရဟန်းတစ်ပါးကို ဝါးခြောက်လုံး လှူခဲ့တာကို သတိ ရသွားတယ်။

” အဲဒီမှာ ယမမင်းကြီးက စောထီလကို ” အဲဒီလို ကုသိုလ်တွေ ဆက်လုပ်ပါ ” လို့ ပြောပြီး ပြန်လွှတ် လိုက်ပါတယ်။ အဲဒီမှာတင် စောထီလ ပြန် သတိရ လာတာပါပဲ။

Credit – ဦးမြင့်ခိုင်, SaiMyoWin & SAI MYO WIN