
“အသက် ၁၀၀ ကျော်ပြီဖြစ်ပြီး တစ်ယောက်တည်းနေကာ ကိုယ်တိုင် ထင်းခွေ ရေခပ် သစ်ပင်စိုက် နေတဲ့ဖွားသက်ရှည်”
မတွေ့တာ သုံးနှစ်လောက် ကြာသွားတဲ့နောက် အဖွားအသက် လေးနှစ်လောက် ပြန်ငယ်သွားတယ်။
ရယ်စရာတော့ ကောင်းသား။အရင်တစ်ကြိမ်က အဖွားရဲ့မြေး ပြော ပြတာက အသက် ၁၁၀။
အခု တစ်ကြိမ်အဖွားရဲ့ မြေးမလေး ပြော ပြတာက ၁၀၆ နှစ်တဲ့။
အဖွားက ပူတာအိုက ရဝမ်လူမျိးပါ။
တကယ်တော့ အသက် ၁၀၀ ဝန်းကျင် ရောက်နေတဲ့ အဖွားအိုကတော့ သူ့ရဲ့ မွေးနေ့ကို မှတ်မိနေမှာ မဟုတ်ပါဘူး။
သူ့အတွက်လည်း အရေးကြီးမှာ မဟုတ်ဘူး..။
ကျန်တဲ့ သူ့သားသမီး၊ မြေးမြစ်ဆိုတာတွေကလည်း ကိုယ့်အဖွားကို ဘယ်နှစ်က မွေးလဲဆိုတာ မေးကြည့်ဖို့၊
အဖွားရဲ့ အမေလည်း မရှိတော့ဘူးဆိုတော့ သူတို့လည်း ဘယ် အတိအကျ သိနိုင်ပါ့မလဲ..။
အသက်၁၀၀ ကျော်တဲ့အထိ ကိုယ့်ဘာသာ တစ်ယောက်တည်းနေ၊ ထင်းခွေ၊ ရေခပ်၊ သစ်ပင်စိုက်ကို ကျန်းကျန်းမာမာနဲ့ လုပ်နေနိုင် သေးတယ် ဆိုတော့ ၊
အဖွားဘယ်လိုနေလဲဆိုတာ သိရအောင် အဖွားရဲ့ အိမ်လေးပေါ် အထိ တက်ကြည့်ခဲ့တယ်။
အဖွားရဲ့ အိမ်လေးမှာပေါ်မှာ အိပ်ယာခင်းနဲ့ ခြင်ထောင်၊ ပြီးတော့မီးဖိုထဲမှာ အိုးခွက်ပန်းကန် အချို့၊ ဒါပဲ ရှိတယ်။
ကူဖေါ်လောင်ဖက်ရအောင် မြေးမလေးတွေက အိမ်ကို လာနေတာတောင် တစ်ယောက်တည်းပဲ နေချင်လို့ ပြန်လွှတ်တယ် တဲ့။
တတ်နိုင်တဲ့ ပမာဏ ငွေနည်းနည်းလေးကို ကန်တော့လိုက်တော့ ပြုံးပြုံးကြီး ကျေနပ်နေတဲ့ အဖွားကို ကြည့်ရတာ အလွန် စိတ်ချမ်းသာဖို့ ကောင်းတာပဲ။
အပေါင်းအသင်း နဲလာတာကို သတိထားမိတယ်။အနေဝေးလို့အဆက်အသွယ် ပြတ်သွားတာတွေရှိသလို၊
စိတ်သဘောထားချင်း မတိုက်ဆိုင်လို့အဆက်အသွယ် ပြတ်သွားတာတွေလည်း ရှိတယ်။
တကယ်တော့ ဘဝမှာ ပျော်ရွှင်စွာနေဖို့ရာ အတွက် ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်ထား တစ်ခုရယ်၊အပြန်မလှန် နားလည်မှူရှိတဲ့၊
လက်တစ်ဆုပ်စာ ရင်းနှီးခင်မင်ရတဲ့ သူတစ်ချို့ရယ် ရှိရင် ရပါ ပြီ။
ဒါ့ထက် တစ်ဆင့်တက်ပြီး ပြောရရင်တစ်ယောက်တည်းနေ တစ်စိတ်တည်း ထားနိုင်တာတော့ အကောင်းဆုံးပါပဲ။
လောက သဘောဆန္ဒနဲ့ ပြောရရင်တော့ မိမိကိုယ်တိုင်လည်း အသက်ရွယ်ကြီးရလာ ပြီနောက်ပိုင်းမှာ ဝင်ငွေနဲနဲ ထွက်ငွေနဲနဲ နဲ့ သစ်ပင်စိုက်ရင်းပဲ အေးအေးနေချင်တယ်။
ပြီးတော့ တောင်ပံသာလျှင် ဝန်ရှိသောငှက်ကဲ့သို့ ဆိုတဲ့ စကားလို ဘာကိုမှ မတွယ်တာ မငြိတွယ်ဘဲ နေချင်တယ်။
ဘဝရဲ့ နောက်ဆုံးကာလတွေကိုအလိုနည်းတဲ့ဘဝနဲ့ပဲ ကုန်ဆုံးသွားချင်တယ်။
လောဘ လျှော့ဖို့ဆိုတာ အပြောလွသဘောက် လက်တွေ့ထိမ်းချုပ်ဖို့ရာတော့ တကယ်ခက်ပါတယ်လေ။
ကိုယ့်လောဘကို ကိုယ်သိနေဖို့ ဆင်ခြင်ရဦးမှာပါ။ သတိထားရဦးမှာပါလေ…။
Credit ; Thu Hain