အင်းဝ-ဟံသာဝတီ အနှစ် ၄၀ စစ်ပွဲကြီးသည် ဘုရင်မကြီးရှင်စောပု၏အလှကြောင့် အဆုံးသတ်ခဲ့ရပုံ

ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာဖြစ်ပွားခဲ့သောစစ်ပွဲကြီးများစွာရှိပါသည်။

၎င်းတို့ထဲတွင် ကမ္ဘာအကြာဆုံးစစ်ပွဲကြီးမှာ ခရစ်နှစ် ၇၁၁ ခုနှစ်မှ ခရစ်နှစ် ၁၄၉၂ ခုနှစ်အထိ နှစ်ပေါင်း ၇၈၁ နှစ်တိတိကြာမြင့်ခဲ့ပြီး၊

ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြားဖြစ်ပွားခဲ့သည့် ဘာသာရေးစစ်ပွဲကြီး Iberian Religious Wars ဖြစ်ပါသည်။

မြန်မာ့သမိုင်းတစ်လျှောက်ထိုမျှကာလရှည်လျားလှသောစစ်ပွဲကြီးမရှိခဲ့သော်လည်း ၊

မြန်မာ့သမိုင်းတွင် အရှည်ဆုံးစစ်ပွဲတစ်ပွဲအဖြစ် အင်းဝ-ဟံသာဝတီစစ်ပွဲသည် နာမည်ကျော်ကြားလှပါသည်။

အင်းဝ-ဟံသာဝတီစစ်ပွဲကြီးသည် အင်းဝဘုရင်မင်းကြီးစွာစော်ကဲနှင့် မြန်မာ့သမိုင်းတွင်နာမည်ကြီးပုဂ္ဂိုလ် ရာဇဓိရာဇ်(ဗညားနွဲ့)တို့လက်ထက်၊

၁၄ ရာစုနှစ်နှောင်းပိုင်းခရစ်နှစ် ၁၃၈၄ ခုနှစ်မှစတင်၍၁၅ ရာစုနှစ်ဦးပိုင်းအထိ နှစ်ပေါင်း(၄၀)ကြာမြင့်ခဲ့သည့် စစ်ပွဲကြီးဖြစ်ပါသည်။

အနှစ်(၄၀)စစ်ပွဲကြီးဟု ရာဇဝင်ဆရာတို့ ရေးထိုးခဲ့ကြသော်လည်း တစ်ဆက်တည်းစစ်ဖြစ်နေခြင်းမဟုတ်ပဲ၊

စစ်ကိုရပ်နားလိုက် ပြန်ဖြစ်လိုက်နှင့် နှစ်ပေါင်း(၄၀)ကြာမြင့်ခဲ့ခြင်းဖြစ်ပါသည်။

၎င်းနှစ်(၄၀)စစ်ပွဲကြီးသည် ဟံသာဝတီတွင် ဗညားနွဲ့မှ ရာဇဓိရာဇ်ဘွဲ့ခံကာ နန်းတက်ခဲ့သဖြင့် ၊

၎င်း၏ဦးရီးတော် မြောင်းမြစားလောက်ဖျားမှ မကျေနပ်ခြင်းကြောင့် မင်းကြီးစွာစော်ကဲဆီစစ်ကူတောင်းကာ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

မင်းကြီးစွာစော်ကဲကွယ်လွန်ပြီးနောက် သားတော်ဘုရင်မင်းခေါင်မှ နန်းတက်လာခဲ့ပါသည်။

ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့သည် အနှစ်(၄၀)စစ်တွင် အဓိကတိုက်ခိုက်ခဲ့ကြသော စစ်ဘုရင်နှစ်ပါးလည်းဖြစ်ပါသည်။

၎င်းဘုရင်နှစ်ပါးလက်ထက်တွင် မြန်မာ့ရာဇဝင်တွင်နာမည်ကျော်သူရဲ ကောင်းများဖြစ်သည့် မင်းရဲကျော်စွာ၊ ဖိုးရာဇာ၊ မိုးညှင်းသတိုးစသည့်သူရဲကောင်းများပေါ်ထွက်လာသကဲ့သို့ ၊

မွန်ရာဇဝင်တွင်လည်း နာမည်ကျော်သူရဲကောင်းများဖြစ်သည့် ဗိုလ်မင်းဗြတ်ဇ၊ အမတ်ဒိန်၊ လဂွန်းအိမ်၊ သမိန်ဗရမ်းစသောသူရဲကောင်းများပေါ်ထွက်လာခဲ့ပါသည်။

ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့နှစ်ဦးကွယ်လွန်ပြီးနောက် ဆင်ဖြူရှင်သီဟသူသည် ဟံသာဝတီသို့တိုက်ခိုက်ရန် ထပ်မံ၍ချီတက်လာ ခဲ့ပါသည်။

၎င်းအချိန်တွင် ဟံသာဝတီနေပြည်တော်တွင် နိုင်ငံအတွင်းမြို့စားများအသီးသီးမညီမညွတ်ဖြစ် နေသောကြောင့်၊

အင်းဝတပ်များအား ခုခံနိုင်ခြင်းမရှိသဖြင့် ဟံသာဝတီမင်းဗညားရမ်းမှ ပြဿာဒ်ကြီး(၃)ဆောင်ဆောက်လုပ်၍၊

ပြဿာဒ်ထဲတွင်၎င်း၏နှမတော်ဖြစ်သည့် ရှင်စောပု(နောင်တွင် ဟံသာဝတီဘုရင်မကြီးရှင်စောပု)အားနေစေလျှက်၊

တြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသောဘွဲ့အမည်ကိုခံယူစေပြီးလျှင်၊

မိဖုရားကြီးတို့၏အဆောင်အယောင်များကို ဆင်မြန်းစေ၍ မွန်အမတ်တို့ဝန်းရံပြီး အင်းဝမင်းထံဆက်သလိုက်ရလေသည်။

ရှင်စောပုသည် အလွန်နူးညံသိမ်မွေ့သောအမျိုးသမီးတစ်ဦးဖြစ်ပြီး ရုပ်အဆင်းအလွန်လှပသောအမျိုးသမီးဖြစ်သောကြောင့် ဆင်ဖြူရှင်သီဟသူမင်းမှ အလွန်ချစ် မြတ်နိုး၍၊

၎င်း၏ဖောင်တော်မှလက်ကမ်းကြိုကာ အင်းဝသို့ခေါ်ဆောင်သွားပြီး မိဖုရားကြီးအဖြစ်ထားရှိ လိုက်ပါတော့သည်။

ဤသို့ဖြင့် ဘုရင်မကြီးရှင်စောပုဖြစ်လာမည့် အမျိုးသမီးလေးရှင်စောပုကိုချစ်မြတ်နိုးသဖြင့် အင်းဝမှ ဟံသာဝတီသို့နောက်ထပ်

တစ်ကြိမ်စစ်ပြုခြင်းမပြုတော့ပဲ နှစ်ပေါင်း(၄၀)ကြာဖြစ်ပွားနေသော စစ်ပွဲကြီးကိုအဆုံး သတ်ခဲ့ကြပါသည်။

မိဖုရားကြီးရှင်စောပုသည် ဆင်ဖြူရှင်သီဟသူမင်းကွယ်လွန်ပြီးနောက် မင်းလှငယ်မင်း၊ တောင်ညိုမင်း၊ မိုးညှင်းမင်းတရားတို့လက်ထက်တွင်လည်း မိဖုရားကြီးအဖြစ်၊

အဆက်ဆက်ချီးမြှောက်ခြင်း ခံခဲ့ရပြီးမိဖုရားကြီးအဖြစ်ချီးမြှောက်ခြင်းခံခဲ့ရသည့် (၇)နှစ်တာကာလအတွင်း အင်းဝတွင်မပျော်ပဲ၊

ဒဂုံဆံတော်ရှင်စေတီသို့ အမြဲတစ်စေသွားရောက်၍ ဥုပုသ်စောင့်တည်၍သာနေတတ်ပါသည်။

မိုးညှင်းမင်းတရားလက်ထက်တွင် ဟံသာဝတီမှကြွရောက်လာသည့် မွန်ရဟန်းနှစ်ပါးနှင့်တိုင်ပင်ကာ မြန်မာသက္ကရာဇ် ၇၉၁ ခုနှစ်တွင် ဟံသာဝတီသို့ထွက်ပြေးလွတ်မြောက်သွားပါသည်။

ထိုအချိန်တွင် ဟံသာဝတီတွင် ၎င်း၏အကို ဗညားရန်းနန်းတက်ဆဲကာလဖြစ်ပြီး မွန်ဘုရင်မှ နန်းတော်ထဲတွင် နန်းဆောင်တစ်ဆောင်ဆောက်လုပ်၍ နေထိုင်စေပါသည်။

ဗညားရမ်းကွယ်လွန်ပြီးနောက် ရှင်စောပု၏ သားတော်နန်းတက်လာပြီး (ပထမဆုံးအိမ်ထောင်ဖြစ်သည့် သမိန်စည်သူနှင့်ရသောသားဖြစ်သည် အင်းဝသားမဟုတ်ပါ)၊

မောင်တော်နှင့်တူတော်တို့ တစ်ဦးကိုတစ်ဦးလုပ်ကြံကြကာအဆင့်ဆင့်နန်းတက်ကြပြီး၊

ရှင်စောပု၏တူတော်လွတ်မွတ်ထော်မင်းသည် မင်းကျင့်တရားနှင့်အညီ မနေသောကြောင့် မှူးမတ်တို့မှလုပ်ကြံသဖြင့် မြန်မာသက္ကရာဇ် (၈၁၄)ခုနှစ်တွင် ဘုရင်မကြီးရှင်စောပုသည်။

ဟံသာဝတီတွင် နန်းတက်ခဲ့ကာမြန်မာ့သမိုင်းတွင် တစ်ဦးတည်းသောဘုရင် မကြီးဖြစ်လာခဲ့ပါသည်။

ဤသို့ဖြင့် အင်းဝ-ဟံသာဝတီ အနှစ် ၄၀ စစ်ပွဲကြီးသည် ဘုရင်မကြီးရှင်စောပု၏အလှကြောင့် အဆုံးသတ်ခဲ့ရပါသည်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website