အလွန်အဖိုးတန်တဲ့ အကြံဉာဏ် (၃) ခု

အလွန်အဖိုးတန်တဲ့ အကြံဉာဏ် (၃) ခု

ရွာလေးတစ်ရွာက လူငယ်လေးတစ်ယောက်ဟာ သူ့ချစ်ကြိုက်နေတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီး မကြာခင်မှာ အဝေးတနေရာကို အလုပ်လုပ်ဖို့ ထွက်သွားတယ်။

သူဟာ ဆင်းရဲလွန်းလို့ မိန်းမကို ချမ်းချမ်းသာသာ ထားချင်လို့ပါ။

သူက သူ့အပေါ်မှာ သစ္စာရှိဖို့ မိန်းမကို မှာပြီး ထွက်ခွာသွားတယ်။ရွာတစ်ရွာကို ရောက်သွားပြီး၊

အသက်ကြီးကြီး လယ်သမားကြီးတစ်ယောက်ဆီမှာ အလုပ်ဝင်လုပ်လိုက်တယ်။ လယ် သမားကြီးဟာ ရိုးသားပြီး ပညာဉာဏ်ရှိပုံရတယ်။

လူငယ်လေးက အဖိုးကြီးနဲ့ အလုပ်မဝင်ခင်မှာ သဘောတူညီချက်တစ်ခု ယူလိုက်တယ်။

အဲဒါက သူကို ထမင်းကျွေးဖို့နဲ့ သူ့ရဲ့လုပ်အားခတွေကို သိမ်းထားပေးဖို့ရယ်၊ သူအလုပ်ထွက်တဲ့အခါ လုပ်အားခအားလုံးကို ပြန်ပေးဖို့ပါ။

အဖိုးကြီးကလည်း သဘောတူတယ်။လူငယ်လေးဟာ အလုပ်ကို ကြိုးစားလုပ်တယ်။

အဖိုးကြီးက သူ့ကို အတော်လေး သဘောကျတယ်။ သူ အဲဒီမှာ အလုပ်လုပ်နေတာ အနှစ် ၂၀ ကြာသွားပြီ။

သူ့မိန်းမဆီကိုလည်း တစ်ခေါက်မှ ပြန်မရောက်လို့ အိမ်ပြန်ချင်စိတ်ပေါ်လာတယ်။

ဒါနဲ့ သူက အဖိုးကြီးကို ပြောတယ်။ သူအလုပ်ထွက်တော့မှာမို့ သူ့လုပ်အားခတွေကို အားလုံး ပြန်ပေးပါလို့။အဖိုးကြီးက

အိတ်ကြီးတစ်လုံးကို လူငယ် (အခုတော့ အသက် ၄၀ ရှိပြီပေါ့)ရဲ့ ရှေ့က စားပွဲပေါ်မှာ တင်လိုက်ပြီး ခုလို ပြောလိုက်တယ်။

“ငါတို့ သဘောတူထားတဲ့အတိုင်း အနှစ် ၂၀ လုပ်ခဲ့တဲ့ မင်းရဲ့ လုပ်အားခပိုက်ဆံတွေအားလုံး ဒီအိတ်ကြီးထဲမှာ ရှိတယ်။

ငါ မင်းကို အကြံ ၃ ခုပေးချင်တယ်။ အဲဒီအကြံတွေကို ယူမယ်ဆိုရင် မင်းရဲ့ လုပ်အားခတွေကို ယူသွားလို့ မရဘူး။

ဒါမှမဟုတ် ငါပေးတဲ့ အကြံတွေကို မယူချင်ဘူးဆိုရင် ပိုက်ဆံတွေကို ယူပြီး မင်းအိမ်ကို ပြန်လို့ရပြီ။

မင်းကို တစ်ရက် စဉ်းစားချိန်ပေးမယ်”လူငယ်ဟာ တနေကုန် စဉ်းစားတယ်။

အဖိုးကြီးရဲ့ အကြံတွေကို ယူရမလား။ ပိုင်ဆံပဲ ယူလိုက်ရမလား။

ဒါပေမဲ့ အဖိုးကြီးဟာ ပညာဉာဏ်နဲ့ ပြည့်စုံသူမို့ တန်ဖိုးရှိတဲ့ အကြံတွေ ဖြစ်မယ်လို့ တွေးမိပြီး

သူပေးတဲ့ အကြံ ၃ ခုကို ယူဖို့ ဆုံးဖြတ်လိုက်တယ်။နောက်တနေ့ မနက်မှာ သူက အဖိုးကြီးကို အကြံပေးတာကို ယူမယ်။

ပိုက်ဆံမယူတော့ဘူးလို့ ပြောပြလိုက်လို့ အဖိုးကြီးက သူ့ကို ခုလို အကြံ ၃ ခုပေးလိုက်တယ်။

၁။ ဘယ်တော့မှ ဖြတ်လမ်းကို မလိုက်နဲ့။ အသက်အန္တရာယ်ရှိတယ်။

၂။ ဘယ်တော့မှ မစပ်စုနဲ့။ မကောင်းဆိုးဝါးကို စပ်စုမိရင် သေတတ်တယ်။

၃။ စိတ်ဆိုးနေချိန်မှာ ဘယ်တော့မှ ဆုံးဖြတ်ချက်မချနဲ့။

အဲလို လုပ်မိတဲ့အတွက် နောင်တရချိန်မှာ နောက်ကျသွားပြီ။

လူငယ်လည်း အဖိုးကြီးကို ဦးချကန်တော့ပြီး သူ့ရွာကို အမြန်ခရီးနှင်ပါတော့တယ်။

နှစ်ပေါင်း ၂၀ ကြာပြီဆိုတော့ သူ့ရွာကို သွားတဲ့ လမ်းကို မမှတ်မိတော့ဘဲ လမ်းရှာမရ ဖြစ်နေတယ်။

လူစိမ်းတစ်ယောက်သူ့အနားကို ရောက်လာပြီး ဘာဖြစ်နေတာလဲလို့ မေးတယ်။

လူငယ်က ရွာကို ပြန်ဖို့ လမ်းရှာမတွေ့လို့ပါလို့ ပြောတယ်။ ဟိုလူက ရွာကို အမြန်ရောက်ချင်ရင် ဖြတ်လမ်းရှိတယ်။

သူ့နဲ့ လိုက်ခဲ့လို့ ပြောတယ်။ သူလည်း လိုက်မလို့ လုပ်ရင်း အဖိုးကြီးရဲ့ ပထမအကြံကို သွားသတိရမိတယ်။

“ဘယ်တော့မှ ဖြတ်လမ်းကို မလိုက်နဲ့။ အသက်အန္တရာယ်ရှိတယ်”ယ

ဒါကြောင့် သူဟာ မလိုက်တော့ဘူးလို့ ပြောလိုက်တယ်။ အမှန်က ဟိုလူဟာ ဓါးပြဂိုဏ်းတစ်ခုက အဖွဲ့သားပါ။

သူဟာ ခရီးသွားတွေကို လမ်းပြပေးမယ်လို့ညာပြောပြီး သူ့အဖွဲ့သားတွေရှိတဲ့ နေရာကို ရောက်တဲ့အခါ ပစ္စည်းယူ လူသတ်နေကျပါ။

လူငယ်လည်း ခရီးဆက်ရင်းညမိုးချုပ်လာလို့ တည်းခိုခန်းတစ်ခုမှာ ဝင်တည်းလိုက်တယ်။ ခရီးပန်းလွန်းလို့ အိပ်မောကျသွားတယ်။

ညသန်းခေါင်ယံအချိန်မှာ တည်းခိုခန်းအပြင်ဖက်ကစူးစူးဝါးဝါး အော်သံတွေ ကြားရတယ်။

သူဟာ သူ့အခန်းတံခါးကို ဖွင့်ပြီး ကြည့်မလို့ ကြံလိုက်တယ်။နောက်တော့ အဖိုးကြီးရဲ့ ဒုတိယအကြံ ခေါင်းထဲ ပေါ်လာတယ်။

“ဘယ်တော့မှ မစပ်စုနဲ့။ မကောင်းဆိုးဝါးကို စပ်စုမိရင် သေတတ်တယ်”

ဒါကြောင့် သူဟာ တံခါးဖွင့်မကြည့်တော့ဘဲ အိပ်ယာထဲဝင် ပြန်အိပ်လိုက်တယ်

မနက်ကျတော့ တည်းခိုခန်းပိုင်ရှင်က သူ့ကို ညက အော်သံတွေကြောင့် တံခါးဖွင့်မကြည့်ဘူးလားလို့ မေးတယ်။

သူက မကြည့်ဘူးလို့ ပြန်ဖြေတယ်။ပိုင်ရှင်က သူ့ကို ခုလို ပြောပြတယ်။

“ခင်ဗျားဟာ အသက်ရှင်လျက်နဲ့ ဒီတည်းခိုခန်းက ပထမဆုံးထွက်သွားရတဲ့သူပါ။

ခင်ဗျားအရင်က လာတည်းကြသူတွေဟာ ညရောက်လို့ အော်သံကြားတာနဲ့ အခန်းတံခါးဖွင့်ကြည့်ကြတဲ့အခါ

မကောင်းဆိုးဝါးတစ်ကောင်က သူတို့ကို တောထဲကို ကိုက်ချီယူသွားပြီး စားပစ်လိုက်တယ်”နောက်ဆုံးတော့ လူငယ်ဟာ သူ့အိမ်ကို ညပိုင်းမှာ ရောက်သွားပါတယ်။

အိမ်တံခါးကို ခေါက်မလို့ လုပ်နေတုန်း မီးရောင်အောင်မှာ သူ့မိန်းမကို လူတစ်ယောက်နဲ့ စားပွဲတစ်ခုမှာ ရင်းရင်းနီးနီး ထိုင်စကား ပြောနေတာကို ပြုတင်းပေါက်ကနေ တွေ့လိုက်တယ်။

သူဟာ ရုတ်တရက် အရမ်းစိတ်ဆိုးသွားတယ်။ အိမ်ထဲဝင်ပြီး သစ္စာမရှိတဲ့ မိန်းမနဲ့ အဲဒီလူကို ပါလာတဲ့ ဓါးနဲ့ ခုတ်သတ်မလို့ ကြံရွယ်လိုက်တယ်။

ဒီအခါမှာလည်း အဖိုးကြီးရဲ့ တတိယအကြံကို သွားသတိရလိုက်တယ်။ “စိတ်ဆိုးနေချိန်မှာ ဘယ်တော့မှ ဆုံးဖြတ်ချက်မချနဲ့။

အဲလို လုပ်မိတဲ့အတွက် နောင်တရချိန်မှာ နောင်ကျသွားပြီ”ဒါနဲ့ ဓါးနဲ့ ခုတ်ဖို့ အကြံကို လက်လျှော့လိုက်ပြီး အိမ်ရှေ့တံခါးအပြင်ဖက်မှာ မောမောနဲ့ အိပ်ပျော်သွားတယ်။

မနက်မိုးလင်းတော့ သူ့မိန်းမက အိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ အိပ်မောကျနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်တယ်။

မိန်းမဟာ သူ့ကို ဖက်ပြီး ငိုနေတယ်။ သူလည်း မိန်းမကို တွန်းပစ်မလို့ လုပ်တယ်

ဒါပေမဲ့ မတွန်းဖြစ်တော့ပဲ မိန်းမကို ပြန်ဖက်ရင်း ခုလို မေးလိုက်တယ်။“ညတုန်းက မင်းနဲ့ စားပွဲမှာ ထိုင်စကားပြောနေတာ ဘယ်သူလဲ”“အဲဒါ ရှင့်သားလေ။

ရှင် ရွာက ထွက်သွားတုန်းက ကျွန်မမှာ ရှင်နဲ့ရခဲ့တဲ့ ကိုယ်ဝန်ကျန်ခဲ့တယ်

ရှင့်သားက အခု အသက် ၂၀ ရှိပြီ။ အခု သူ့အခန်းထဲမှာ အိပ်ပျော်နေတယ်”လူငယ် (အခု လူကြီး)ဟာ သူ့ရဲ့လုပ်အားခပိုက်ဆံတွေကို မယူဘဲ ၊

အဖိုးကြီးရဲ့ အကြံ ၃ ခုကို ယူမိလိုက်တာ မှန်လိုက်လေခြင်းလို့ စိတ်ထဲက ရေရွတ်နေလိုက်တယ်။

ပုံပြင်က မဆုံးသေးပါ။လူငယ်ဟာ အဖိုးကြီးကို ကန်တော့ပြီး ထွက်လာခါနီးမှာ အဖိုးကြီးက ပေါင်မုန့်ထုတ် ၃ ထုတ်ကို ပေးလိုက်ပါတယ်။

အစိမ်းရောင်စက္ကူနဲ့ ပတ်ထားတဲ့ ပေါင်မုန့် ၂ ထုတ်ကို လမ်းမှာ စားဖို့နဲ့ အနီရောင်စက္ကူနဲ့ ပတ်ထားတဲ့ ပေါင်မုန့်ကို သူ့အိမ်ပြန်ရောက်မှ မိန်းမနဲ့ အတူစားဖို့ မှာလိုက်ပါတယ်။

လူငယ်လည်း မိန်းမနဲ့ အဆင်ပြေသွားပြီမို့ ရေမိုးချိုးပြီး ဗိုက်ဆာလာတာနဲ့ တစ်ခုခု စားချင်လာတယ်။

အဲဒီအခါကျမှ အဖိုးကြီး ပေးလိုက်တဲ့ အနီရောင်စက္ကူပတ်ထားတဲ့ ပေါင်မုန့်ကို သတိရမိတယ်။

မိန်းမကို အတူလာစားဖို့ ခေါ်လိုက်ပြီး ပေါင်မုန့်ထုတ်ကို ဖွင့်ကြည့်လိုက်တော့ ရွှေဒင်္ဂါးပြားတွေကို တွေ့လိုက်ရတယ်။

Credit;လေးစားစွာဖြင့် ဗန်းမော်သိန်းဖေ