ဘုရားပန်းအိုး ၂အိုးပဲထားရမယ် ၃အိုးထားရမယ်၊ သေချာမသိသေးသူများအတွက်

ပန်း ဘာကြောင့် ကပ်ရသလဲ? ပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?

၁။ ဂေါတမ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော်မူစဉ်၊

ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူအများ ဘုရားဖူး တရားနာ လာကြကုန်၏။

ခရီးကပန်း၊ လမ်းကကြမ်းသောကြောင့် ချွေးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ်းလိမ်းနှင့်ပေါ့။

တချို့မှာ ချွေးနံ့ တထောင်းထောင်းနှင့် ဘုရားရှင် သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော် တခုလုံး အနံ့သက်တွေက မကောင်း။

ဒါကို သတိပြုမိတဲ့ ညီတော် အရှင်အာနန္ဒာစသော ရဟန်းရှင်လူတွေက ဘုရားနဲ့ တရားနာ ပရိသတ်အကြားမှာ ပန်းနံ့သာတွေကို ထားခဲ့ကြတယ်။

ဘုရားပန်းတွေကြောင့် ပရိသတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီ မရောက်တော့ဘူးပေါ့။

တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီး အမောတွေပြေ စိတ်တွေကြည်လင်လာတယ်။

တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူး ရှိလာတယ် ထိုအချိန်မှ စ၍ ဘုရားပန်း လှူတဲ့ဓလေ့က စတင်လာတယ်။

ပန်းပန်တာ မဟုတ်တဲ့အတွက် မာလာဂန္ဓ ဝိလေပန ဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှု မရှိတော့ဘူး အပြစ်ကင်းတယ်။

၂။ ပန်းအိုး ဘယ်နှအိုး ထားရမလဲ ဆိုတဲ့ အမေးမှာ နံပါတ် ၁ အဖြေက သက်သေဖြစ်တယ်။

ဘယ်နှအိုးထားထား အပြစ် မရှိဘူး။ မိမိတို့ရဲ့ ဘုရား‌ကျောင်း‌ဆောင်နဲ့ လိုက်ဖက်သလို ထားနိုင်တယ်။

၁ အိုး ၃ အိုး စသည်ဖြင့် မ ဂဏန်း ထားမှ ၂ အိုး ၄ အိုး စသည်ဖြင့် စုံ ဂဏန်းထားမှဟု ဘုရားဟောမရှိခဲ့ဘူး။

စုံမခွဲပြီး လှူဒါန်းတာက ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်။

မိမိရဲ့ဘုရား‌ကျောင်း‌ဆောင်အနေအထားက ဘယ်နှအိုးထားမှ တင့်တယ်မယ် ဆိုတာကို ချင့်ချိန်တတ်ဖို့ အရေးကြီးသည်။

တချို့က ယတြာတွေ အဓိဋ္ဌာန်တွေကြောင့် အရေအတွက် အမျိုးမျိုး လှူကြတယ်။

ဘယ်လိုပဲ လှူလှူ ကုသိုလ်က ကုသိုလ်ပဲ။ ဘုရားပန်းတွေ လန်းတော့ ဘုရား‌ကျောင်းဆောင်လည်း မင်္ဂလာကျက်သရေ တိုးတာပေါ့။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website