
တစ်ခါက စီးပွားရေးလုပ်ရတာအဆင်မပြေလို့ စိတ်ညစ်နေတဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။
ထိုစိတ်ညစ်မှုတွေကို ဖြေဖြောက်ဖို့ သူ့အိမ်ရဲ့ မနီးမဝေးမှာရှိတဲ့ တောအုပ်လေးနားက စမ်းချောင်းလေးဘေးမှာ အေးအေးဆေးဆေး စိတ်ဖြေရင်း နည်းလမ်းသစ်တွေကို စဉ်းစားနေခဲ့တယ်။
အဲ့လိုနေ့စဉ် ထိုင်စဉ်းစားနေခဲ့တဲ့ နေ့ရက်တိုင်းမှာ သူ့နံဘေးကနေ မုဆိုးကြီးတစ်ဦးက တောကောင်တွေ တစ်နေ့တစ်မျိုး ရ,ရလာကာ ဖြတ်သွားလေ့ရှိတာကို သတိထားမိတယ်။
ဒါနဲ့တစ်ရက်တော့ ဗဟုသုတလည်းရအောင်ဆိုကာ မုဆိုးကြီးကို သားကောင်တွေ တစ်နေ့တစ်မျိုး ဘယ်လိုရအောင်လုပ်လဲ မေးကြည့်ခဲ့တယ်။
မုဆိုးကြီးကလည်း အသက်ဝါကြီးသူဆိုတော့ လူ့လောကရဲ့ အတွေ့အကြုံများ အတော်အသင့်ရှိနေခဲ့ပြီ။
ဒါကြောင့် လူငယ်လေး စကားပြောတဲ့အခါမှာ “ငါလည်း မင်းကို သတိထားမိပါတယ်။
ဘာကြောင့် ဒီနေရာမှာ လာလာပြီး ထိုင်နေတာလဲလို့” ပြန်မေးတယ်။
ထိုအခါ လူငယ်ဟာ စီးပွားရေးလုပ်ရတာ အဆင်မပြေကြောင်း စိတ်ညစ်ညစ်နဲ့ ဖွင့်ဟပြောဆိုပါတော့တယ်။
ဒီအခါကျမှ မုဆိုးကြီးဟာ သူရဲ့မုဆိုးလောကနဲ့ယှဉ်ပြီး စီးပွားဘယ်လိုလုပ်ရတယ်ဆိုတာကို ပြောဆိုပါတော့တယ်။
စီးပွားရေးလုပ်တယ်ဆိုတာ အခုလုပ်ချင်တိုင်း ထလုပ်လို့ ရတဲ့အရာမဟုတ်ပါဘူး။
စီးပွားရေး မဆိုထားနဲ့။မင်းတို့တွေ သင်တန်းလေးတစ်ခု တက်ချင်တယ်ဆိုရင်တောင် ကိုယ်တက်မယ့် သင်တန်းလေးကောင်းမကောင်း၊အခြေအနေဘယ်လိုရှိလဲ ကြိုတင်လေ့လာစုံစမ်းရတယ်။
ထို့သို့ ပြုလုပ်ခြင်းက သင်တန်းတက်လိုက်ကာမှ မကောင်းကြောင်း၊အဆင်မပြေကြောင်းနဲ့တွေ့ရင် နစ်နာမှုရှိကြလို့ဖြစ်တယ်။
ထို့ကြောင့် ကြိုတင်ပြင်ဆင်ခြင်းသည် အောင်မြင်မှုအတွက် အရေးပါသော ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လို့နေတယ်။
ဒါကြောင့် စီးပွားရေးလုပ်ခြင်းက ငါတို့လိုမုဆိုးတစ်ယောက် သားကောင်လိုက်ဖို့ အားထုတ်ရတာနဲ့တူတယ်။
မုဆိုးဟာ သားကောင်မလိုက်ခင် တောရဲ့ အခြေအနေကို ကျွမ်းကျင်အောင် လေ့လာရတယ်။
ဘယ်နားမှာ ဘာရှိတယ်၊ဘယ်နေရာမှာ ဘယ်လိုလုပ်ရင်ဖြင့် သားကောင်ကို ရနိုင်မယ် စသဖြင့် လေ့လာမှတ်သားရတယ်။
ကိုယ်ကျင်လည်မယ့်နေရာမှာ မျက်စိလယ်ကာ လမ်းမပျောက်သွားအောင်လည်း ကြိုးစားရတယ်။
သားကောင်လိုက်ရင်း လမ်းပျောက်သွားရင် သားကောင်လည်းရှုံး၊လမ်းလည်းဆုံးတတ်သောကြောင့်ဖြစ်တယ်။
ထို့ပြင် တောကောင်ဟင်းသားတော့ ရချင်ပါရဲ့။တောကျွမ်းပေမယ့် သားကောင်ဖမ်းယူခြင်း အတတ်ပညာ မတတ်ရင်လည်း ငါတို့လိုချင်တာရမယ်မဟုတ်ဘူး။
တောလိုက်မယ်ဆိုမှတော့ တောင်ကောင်ရဖို့ ဒူး၊လေးပစ်တတ်ရမယ်။အဲ့လိုမှ မပစ်တတ်ရင် အနည်းဆုံး ထောင်ခြောက်တော့ ဆင်တတ်ရမယ်။
ဒါမှသာ လိုချင်တဲ့ တောကောင်ရမှာဖြစ်တယ်။ဒူး၊လေးလည်း မပစ်တတ်၊ထောင်ခြောက်လည်း မဆင်တတ်ရင်တော့ တောမလည်ခင် တတ်အောင်ကျင့်ကြံဖို့ ပထမဦးစွာလိုအပ်မယ်။
နောက်တစ်ခုအနေနဲ့ မုဆိုးက ငါတို့အနေနဲ့ ဘာသားကောင်ရချင်တာလဲ၊လိုချင်တာလဲဆိုတာ တွေးထားရတယ်။ယုန်ကို ရချင်တာလား။
ချေ(ဂျီ)၊ဒရယ်ကို ရချင်တာလား။တောင်ဆိတ်ကို ရချင်တာလား။သို့မဟုတ် ငါးကို ရချင်တာလား။
အစရှိသဖြင့် ကိုယ်ရချင်တဲ့ ဟင်းသားက ကိုယ်လိုက်မယ့်တောမှာ ရှိပါ့မလား၊ရနိုင်ပါ့မလား တွေးတတ်ရတယ်။
ငါးကို လိုချင်ပါတယ်ဆို တောထဲသွားရှာလို့ မရဘူး။ရေကန်ထဲသွားရှာမှ ရမယ်။ထို့အတူ ယုန်ရချင်ရင် ရေထဲသွားရှာလို့မရဘူး။
တောထဲ သွားရှာမှရမယ်။တောင်ဆိတ်ရချင် တောင်ကုန်းတွေပေါ် သွားရတယ်။
ဒါကြောင့် စီးပွားရေးလုပ်မယ်ဆိုပါက ငါတို့မုဆိုးတွေ ဘာသားကောင်ရချင်တာလဲ တွေးသလို ကိုယ်လုပ်မယ့် စီးပွားရေးက ဘာလဲသိအောင်လုပ်ပါ။
ထို့ပြင် ငါတို့မုဆိုးတွေ တောကျွမ်းအောင် လေ့လာရသလို ကိုယ်လုပ်မယ့်စီးပွားရေးနယ်ပယ်ကို ကျွမ်းကျင်အောင်ကြိုတင်လေ့လာပါ။
ဥပမာ-ကိုယ်က ပစ္စည်းအရောင်းအဝယ်လုပ်ချင်တယ်ဆိုပါစို့။ကိုယ်ကျင်လည်မယ့် ဈေးကွက်က စားသုံးသူတွေက ဘာကြိုက်တတ်လဲ။
ငွေပမာဏကို ဘယ်လိုတွေ သုံးစွဲသလဲ အစရှိသဖြင့် ဈေးကွက်နယ်ပယ်ရဲ့ လိုအပ်ချက်အသိပညာကို လေ့လာမှတ်သားရပါမယ်။
နောက်ဆုံးအနေနဲ့ ကိုယ်လုပ်တဲ့ စီးပွားရေးက နေရာမှန်ဖို့ပါဘဲ။ဆင်းရဲသားတွေကို ရွှေငွေကျောက်သံပတ္တမြားသွားရောင်းလို့ မရဘူး။
သူတို့ရဲ့ အဓိက လိုအပ်ချက်က စားဝတ်နေရေးဖြစ်တယ်။ဒါကြောင့် သူတို့ကို ရောင်းချင်ရင် စားသောက်ကုန်နဲ့အဝတ်အထည်ဘဲ အရောင်းသွက်မယ်။
ရွှေငွေကျောက်သံပတ္တမြားရောင်းချင်ရင် သူဌေးအသိုင်းအဝိုင်းကဘဲ ဝယ်ယူသုံးစွဲနိုင်လိမ့်မယ်။
ဒါကြောင့် ကိုယ်ရောင်းမယ့် ဈေးကွက်နယ်ပယ်ကလည်း မှန်ကန်ဖို့ လိုအပ်တယ်။
မုဆိုးကြီးက လူငယ်ကို နိဂုံးစကားချုပ်ပေးလိုက်တာကတော့ မင်းအနေနဲ့ စီးပွားရေးလုပ်မယ်ဆိုရင်
(၁)ဘာရချင်လဲ?ဘာဖြစ်ချင်လဲ?တွေးပါ။
(၂)ဖြစ်ချင်၊ရချင်တဲ့အရာပေါ်လာရင် ဘယ်လိုပညာနဲ့ရယူမလဲ လိုအပ်တဲ့ပညာလေ့လာပါ။
(၃)ကိုယ်လုပ်မယ့် ဈေးကွက်နယ်ပယ်ကို လေ့လာပါ
(၄)ကိုယ့်ကျင်လည်တဲ့ နယ်ပယ်ကို မျက်စိမလည် စေနဲ့။
မျက်စိမှားရင် အသိပါမှားတတ်တယ်။
(၅)ကိုယ်လုပ်မယ့် စီးပွားနယ်ပယ်က ကိုယ်လုပ်တာနဲ့ ထပ်တူကျအောင်လုပ်ပါ။
Credit #သူရိန်