
အီကြာကွေးဆိုတဲ့ မုန့်တမျိုးကို လူတိုင်းကြားဖူးမှာပါ။
ဒါပေမယ့် သူ့ရဲ့ ရာဇဝင်လေးကိုလည်း သိချင်နေကြမယ့်သူတွေ ရှိကောင်း ရှိနေနိုင်ပါတယ်။
ဒါ့ကြောင့် အီကြာကွေးဖြစ်လာပုံကို ပြောပြပေးပါမယ်။
အီကြာကွေးကို 油條 yóutiáo ယိုထျောင်း လို့ အမည်တွင်ပြီး Chinese Cruller, Chinese Oil Stick, Chinese Doughnut ဆိုပြီး လူသိများပါတယ်။
မလေး၊
အင်ဒိုနဲ့ စင်ကာပူမှာတော့ Char Kway/Cakwe/Kueh/Kuay လို့ ခေါ်ပါတယ်။
သူက ဇာတိမူလကတော့ တရုတ်နိုင်ငံကပါ။ တရုတ်ရိုးရာ အစားအစာ တစ်ခုဖြစ်ပြီး မနက်စာအဖြစ် စားသုံးကြပါတယ်။
ဘယ်လို ပေါ်ပေါက်လာလဲဆိုတာကတော့ တရုတ်တွေရဲ့ ပါးစပ်ရာဇဝင်အရတော့ ယွဲ့ဖေး ဆိုတဲ့ တရုတ်သူရဲကောင်းဆီကနေ စတင်ခဲ့ပါတယ်။
ယွဲ့ဖေးဆိုတာ တရုတ်သမိုင်းထဲက နာမည်ကြီး သစ္စာရှင် စစ်သူကြီးတစ်ယောက်ဖြစ်ပြီး လျောင်နိုင်ငံက သိမ်းယူထားတဲ့နယ်တွေကို ပြန်သိမ်းယူပေးခဲ့လို့ ပြည်သူတွေရဲ့ ချစ်ခင်လေးစားခြင်းကိုလည်း ခံနေရယူပေါ့။
စစ်သူကြီး ယွဲ့ဖေးဟာ တရုတ်သမိုင်းထဲက သိုင်းအတော်ဆုံး၊ စစ်တိုက်ရာတွင် အထူးချွန်ဆုံး စစ်သူကြီးတစ်ဦးဖြစ်ပြီး ဝုမုစစ်ဗျုဟာကျမ်းကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်။
ယွဲ့ဖေးဟာ တစုန့်စစ်တပ်ကို ဦးဆောင်ပြီး ရန်သူတွေ သိမ်းယူထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ပေးတဲ့အတွက် ပြည်သူတွေ ချစ်ခင်လေးစားရတဲ့ စစ်သူကြီး ဖြစ်လာတာပေါ့။
ဒါကို မနာလိုဖြစ်နေတဲ့လူကတော့ ဧကရာဇ်ဘေးနားက အမတ်ကြီး ချင်ဟွေ့ပါပဲ။
ချင်ဟွေ့ဟာ ဧကရာဇ်ထံ ယွဲ့ဖေးဟာ ပုန်ကန်သူဖြစ်ပါတယ်ဆိုပြီး အမြဲတစေ မမှန်မကန် လျှောက်တင်လေ့ရှိပါတယ်။
အချိန်ကြာလာတော့ ဧကရာဇ်လည်း စိုးရိမ်စိတ်ဝင်လာပြီး ယွဲ့ဖေးကို နေပြည်တော်သို့ ပြန်လာခိုင်းပါတော့တယ်။
ယွဲ့ဖေးဟာ နယ်စပ်မှာ ရန်သူလျောင်တပ်တွေကို အနိုင်ရလုနီးနီး အခြေအနေဖြစ်တာကြောင့် ဧကရာဇ်အမိန့်ကို မနာခံပဲ ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။
ဒီလိုနဲ့ ဧကရာဇ်ရဲ့ အမိန့်စာအကြိမ်ကြိမ်ပို့လာတာကြောင့် လက်အောက်ငယ်သားတွေက တပ်ပြန်ဆုတ်ရန် အကြံပေးပါတယ်။
ယွဲ့ဖေးလဲ လက်အောက်ငယ်သားတွေပါ ပုန်ကန်သူဖြစ်ကုန်မှာစိုးတဲ့အတွက် တပ်ကို ပြန်ဆုတ်ခွာလာပါတော့တယ်။
သို့ပေမယ့် ချင်ဟွေ့အကွက်ထဲ ဝင်သွားတဲ့ ယွဲ့ဖေးဟာ ၁၁၄၁ ခုနစ်မှာပဲ အမိန့်မနာခံပဲ ပုန်ကန်ရန်ကြံစည်တယ်လို့ စွပ်စွဲခံရတာကြောင့် အဖမ်းခံခဲ့ရပါတယ်။
ချင်ဟွေ့က အမတ်တစ်ဦးကို စစ်ဆေးစေသော်လည်း မည်သည့် ပုန်ကန်မည့်လက္ခဏာမျှ မတွေ့ရတာကြောင့် ၊
သူလည်း ချင်ဟွေ့ မကောင်းကြံမှန်းသိကာ နန်းတွင်းမှ ထွက်ပြေးခဲ့ပါတယ်။
ဒါ့ကြောင့် နောက်တစ်ဦးကို စစ်ဆေးစေသည့်အခါ ယွဲ့ဖေး၏ ကျောတွင် သူ့အမေကိုယ်တိုင် စုတ်ချက်ဖြင့် ရေးသားထားသည့်၊
“တိုင်းပြည်အပေါ် အစွမ်းကုန် သစ္စာရှိပါမည်” 盡忠報國 ဆိုသည့် စာကြောင့်၊
ထိုအမတ်လည်း ယုတ္တိတန်သော ဤအမှုကို ဆက်လက်စစ်ဆေးပါက သမိုင်းတွင်မည့် စစ်သူကြီးကိုသတ်သည့် တရားခံဟု သမိုင်းတရားခံ ဖြစ်သည်ကို ကြောက်ရွံ့သောကြောင့် နန်းတွင်းမှ ပြေးကာ ဇာတိ၌ ဇာတ်မြှုပ်နေပြန်ပါတယ်။
ထိုအခါမှ ချင်ဟွေ့ကိုယ်တိုင် မျိုးစုံနှိပ်စက်ပြီး စစ်ဆေးလေရာ ယွဲ့ဖေးမှာ မိမိကို သတ်တော့မည်ကို သိနေပါတယ်။
သူသေသွားပါက သို့မဟုတ် ဤအခြေအနေကို သိပါက သူ့လက်အောက်ခံ စစ်သားတွေနဲ့သူ့ရဲ့သား ယွဲ့ယွင်ဟာ စစ်တပ်ကြီးနဲ့ ချီတက်လာပြီး တိုင်းပြည်ကို ပုန်ကန်မည် စိုးသဖြင့် ၊
သေပါက အတူတူ အသေခံမည်ဟု ဆိုကာ သူ့သားနှင့် သူ့လုပ်ဖော်ကိုင်ဖက် စစ်သူကြီး ကျန်းရှန့် (張憲) ကို ပြန်ခေါ်ပါတယ်။
ထိုအခါ ချင်ဟွေ့အကြိုက် ဖြစ်သွားပြီး ၃ ဦးသား စုံသည်နှင့် ၁၁၄၂ ခုနစ် ဇန်နဝါရီ ၂၇ တွင် သူ့သားနှင့် သူ့စစ်သူကြီးကို မီးရှို့သတ်စေခဲ့ပါတယ်။
ယွဲ့ဖေး အသတ်ခံရချိန်တွင် အသက် ၃၉ နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ သား ယွဲ့ယွင်ဟာ သေဆုံးချိန်မှာ ၂၃ နှစ်သာ ရှိပါသေးတယ်။
ယွဲ့ဖေးသေဆုံးပုံကို တချို့ကတော့ စစ်သူကြီး ၃ ဦးဟာ ရုတ်တရတ် မီးကွင်းများ ဖြစ်ပေါ်လာကာ တကိုယ်လုံး မီးတောက်လာပြီး၊
အလင်းတန်းများ ထွက်ပေါ်ကာ မီးခိုးငွေ့မျာကောင်းကင်သို့ ပျံတက်သွားသည်နှင့် ကောင်းကင်ဘုံသို့ ပြန်လေသည် ဟု ဆိုကြပါတယ်။
ဤသည်မှာလဲ မီးရှို့သတ်သည်ဟု အဓိပ္ပါယ် ထွက်နေပါတယ်။
ယွဲ့ဖေးသေဆုံးသည့်အခါ ပြည်သူတွေဟာ ချင်ဟွေ့တို့ လင်မယားကို မကျေနပ်ကြပါဘူး။
ဒါကြောင့် ဝါးစားချင်လောက်အောင် မုန်းတီးနေတဲ့အတွက် ပြည်သူတွေဟာ ဂျုံကို လူပုံစံလုပ်ပြီး၊
ဆီပူထဲမှာ ထည့်ကြော်ကာ ချင်ဟွေ့တို့ သစ္စာဖောက် လင်မယားအမှတ်နဲ့ ကြော်စားခဲ့ကြပါတယ်။
ဒါကြောင့် အီကြာကွေးရဲ့ မူလပုံသဏ္ဍာန်ဟာ လူပုံစံနဲ့ တူတယ်လို့ ဆိုပါတယ်။
ရန်သူနဲ့ ပူးပေါင်းပြီး ကိုယ့်နိုင်ငံရဲ့ အတော်ဆုံး စစ်သူကြီး သတ်ခဲ့တဲ့ သစ္စာဖောက် အမတ်လင်မယားကို ကြော်စားချင်လောက်အောင်ကို မုန်းတီးခဲ့တဲ့ ပြည်သူတွေရဲ့ အမုန်းတရားကနေ ဖြစ်လာတဲ့ အစားအသောက်လို့ ဆိုကြပါတယ်။
ဂျုံချောင်းကို ပူးကပ်ပြီး ကြော်ထားတဲ့ အီကြာကွေးမှာ ဂျုံချောင်း ၂ ချောင်းဟာ လင်နဲ့မယားကို ကိုယ်စားပြုပါတယ်။
ဖုကျန့်ပြည်နယ်က လူတွေကတော့ ချင်ဟွေ့တို့ ဇနီးမောင်နှံကို ငရဲပြည်၌ ငရဲသားများက အပြစ်ပေးသည့် အခါ၊
ဆီဒယ်အိုးထဲ ထည့်ကြော်သကဲ့သို့ ချင်ဟွေ့လင်မယားကိုလဲ ဆီထဲထည့်ကြော်ပြီး အပြစ်ပေးသည့် အဓိပ္ပါယ်ဖြင့် ကြော်စားကြပါတယ်။
စားသည့်အခါလဲ ၂ ချောင်းပူးပြီး မစားရပဲ ချင်ဟွေ့တို့ လင်မယားကို ပေါင် ၂ ချောင်းက ကိုင်ဖြဲကာ စားသောက်သည်ဟူသည့် အဓိပ္ပါယ်ဖြင့် အီကြာကွေ့ကို ခွာပြီးမှ စားသောက်ရပါတယ်။
ထို့ကြောင့် အီကြာကွေး စားသည့်အခါတိုင်း လူယုတ်မာ ချင်ဟွေ့ကို နားကျည်းစေကာ ယွဲ့ဖေးကို အမှတ်ရစေမည့် မုန့်တမျိုး ဖြစ်ပါတယ်။
(ကိုယ်တွေကတော့ အစက ဘာမှန်းမသိဖူး စားတာပဲ။ အခုမှ ပြည်သူတွေ နာကျည်းစိတ်ကြောင့် ဖြစ်လာတဲ့ မုန့်မှန်းသိတော့တယ်။)
ချင်ဟွေ့မှာလည်း ပြည်သူများ၏ မေတ္တာစူးခြင်းကြောင့် သူ၏ အမတ် အဆောင်အယောင် အားလုံး ရုတ်သိမ်းခံခဲ့ရတဲ့အခါ ဟိုင်နန်ကျွန်းဘက်သို့ ထွက်ပြေးစဉ် သေဆုံးသွားခဲ့ပါတယ်။
ချင်ဟွေ့မှာ အသက်ရှင်စဉ်ကာလ၌လည်း ပြည်သူ့မေတ္တာစူးသောကြောင့် အီကြာကွေးအဖြစ် ကြော်စားခံခဲ့ရသလို သေဆုံးသည့်အခါမှာလဲ ဆင်းရဲဒုက္ခဝေဒနာဖြင့် သေဆုံးခဲ့ရပါတယ်။
တရုတ်ပြည်သူတွေကတော့ တိုင်းပြည်ကို ရောင်းစားခဲ့သည့် ချင်ဟွေ့ကို ဘယ်တော့မှ မမေ့ပဲ ယွဲ့ဖေး၏ ဘုံကျောင်းရှေ့တွင် ဒူးထောက်နေသော ချင်ဟွေ့ရုပ်ကို ထားရှိပါတယ်။
ယွဲ့ဖေးဘုံကျောင်းတွင် စစ်သူကြီးအား ဂါရဝပြုပြီးသူတိုင်းသည် ချင်ဟွေ့တို့ လင်မယားရုပ်ကို ကြိမ်တုတ်ဖြင့်ရိုက်နှက်ကာ ခေတ်အဆက်ဆက် ဆုံးမခဲ့ကြပါတယ်။
အသက်ရှင်စဉ်ကာလမှာ ခေါင်းမဖော်ဝံ့၊ သေခါနီးအချိန်မှာ ပြည်သူ့မေတ္တာစူးသောကြောင့် မီးမြှိုက်ခံရသကဲ့သို့သော ဝေဒနာခံစားရ၊ သေဆုံးသွားပြီးနောက် ၊
ယနေ့ထိတိုင်အောင် ပြည်သူတို့၏ အမုန်းတရားကို ခံယူနေရဆဲပင်၊ ရုပ်ထုပင် ကြိမ်ဒဏ်ပေးခံနေရဆဲပါ။
အီကြာကွေးကို တရုတ်တွေကတော့ မနက်စာအဖြစ် နှစ်သက်စွာ စားသုံးကြပြီး မြန်မာမှာလည်း နံနက်ခင်းစာအဖြစ် စားသုံးကြပါတယ်။
အလွယ်တကူ ဝယ်ယူနိုင်ပြီး ဈေးလည်းသက်သာတဲ့ အတွက် စားသုံးကြသူ များပါတယ်။
နွားနို့၊ လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်ဟင်းခါး စတာတွေနဲ့ တွဲဖက် စားသုံးကြပြီး ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်တို့နဲ့လည်း စားသုံးကြပါတယ်။
ပဲအီကြာဆိုပြီး ပဲပြုတ်နဲ့ ကြက်သွန်ကြော်ဆီသတ်နဲ့ ရောပြီး စားကြသူတွေ ရှိပါတယ်။
ကျွန်တော်ကတော့ တောင်ကြီးဘက်ကို ပြန်တဲ့အခါမှာဆို အီကြာကွေးနဲ့ ရှမ်းတို့ဖူးနွေးကို တို့စားရတာ အရမ်းကြိုက်ပါတယ်။
စာဖတ်သူတွေ အီကြာကွေးကို ဘယ်လိုပုံစံလေးနဲ့ စားရတာကို အကြိုက်တွေ့လည်းဆိုတာ ပြောပြသွားပါအုံး။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website