တစ်မိနစ်မှာ စက္ကန့်၆၀ ဘာလို့ရှိနေတာလဲ မေးလာရင် ဖြေတတ်ဖို့

ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး၊ မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။

ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..? ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့် စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။

စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ.. ဆရာတို့ ဘယ်လိုဖြေကြမလဲ..?

အခုလို (၆၀)ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500) ကတည်းက ဆူမားရီးယမ်းလူမျိုးတွေ စတင်အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။

စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။

ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက ဆက်လက် ကျင့်သုံးခဲ့ပြီး သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ အသုံးချခဲ့ကြပါတယ်။

(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။ (ပုံ)

ရှေးအခါက နေ့ နှင့် ည အချိန်များကို နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး တွက်ခဲ့ကြတာဖြစ်ပါတယ်။

နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။

နေနာရီရဲ့ အရိပ်ကိုကြည့်ပြီး နေ့(၁၀)နာရီ အဖြစ်သတ်မှတ်ကာ မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။

ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး ၁၂နာရီအဖြစ် သတ်မှတ်ပါတယ်။ စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆)နဲ့စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။

စက္ကန့် (၆၀)ကို၁မိနစ်လို့စပြီးသတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်။ ၁နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။

အဲ့ဒီ့သေးငယ်ခြင်း Minute (မိုင်နျု)ကနေ မိနစ်ဖြစ်လာပါတယ်။

Prime Minute ကိုနောက်ထပ်(၆၀)နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယအပိုင်း (သေးငယ်ခြင်း)ကို ရပါတယ်။

အဲ့ဒီ့ဒုတိယ Secondကနေ စက္ကနဲ့ဖြစ်လာတာဖြစ်ပါတယ်။ (Third Minuteနဲ့ Fourth Minuteတို့လည်း ရှိပါသေးတယ်။)

ကျနော်တို့သုံးနေတဲ့နာရီကိုတော့ ၁၆၅၆ မှာ ဒတ်ခ်ျ်လူမျိုး အာကာသပညာရှင် ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတီထွင်အသုံးပြုခဲ့တာပါ။

ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့နာရီမျိုး (Pendulum clock)ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ရဲ့နာရီပုံစံဒီဇိုင်းကိုပဲ တကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲဖြစ်ပါတော့တယ်…။

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)