စင်ကာပူမြို့တော်က မြန်မာလမ်းများ

ကျွန်တော့်ရဲ့ မိတ်ဆွေတွေထဲမှာ နိုင်ငံခြားတိုင်းပြည်အသီးသီးကို အလုပ်ကိစ္စ၊ပညာရေး၊ ဒေသန္တရဗဟုသုတ စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်ဖူးကြတဲ့သူတွေ၊ ရောက်နေကြတဲ့သူတွေ အများကြီးပဲရှိကြမှာပါ။

ခဏတစ်ဖြုတ်သွားတဲ့သူတွေအဖို့ သိပ်ပြီးတော့ မထောင်းတာလှပေမယ့် နိုင်ငံခြားမှာ ကိုယ်နဲ့ဘာသာအခြေချနေထိုင်နေကြတဲ့သူတွေ၊ နှစ်ရှည်လများ အလုပ်လုပ်ကိုင်နေရတဲ့သူတွေအဖို့တော့ အဲဒီလို နိုင်ငံခြားတိုင်းပြည်တွေကို ရောက်နေကြတဲ့ အချိန်မျိုးမှာ ၊

ကိုယ့်မြန်မာလူမျိုးတွေနဲ့ မမျှော်လင့်ဘဲ တွေ့ဆုံစကား ပြောခွင့်ရလိုက်မယ် ဆိုရင်တော့ အနည်းနဲ့အများ ဝမ်းသာပျော်ရွှင် သွားကြလိမ့်မယ်လို့ ထင်ပါတယ်။

အဲဒါတင်မကဘဲ အဲဒီလို ကိုယ်ရောက်ရှိနေတဲ့ နိုင်ငံခြားတိုင်းပြည် တစ်ပြည်မှာ ကိုယ့်မြန်မာနိုင်ငံရဲ့ အထင်ကရမြို့ကြီးတွေ၊ မြစ်ကြီးတွေရဲ့ နာမည်တွေ မှည့်ခေါ်ထားတဲ့ အထင်ကရ လမ်းမကြီးတွေကိုများ အကယ်၍ မမျှော်လင့်ဘဲ သင်တွေ့ရှိလိုက်ရမယ်ဆိုရင်တော့ သင့်စိတ်ထဲမှာ ဘယ်လို ခံစားရမလဲ။

ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အဲဒီလို ကိုယ့်နိုင်ငံရဲ့ အထင်ကရ နာမည်တစ်ခုခုကို မှည့်ခေါ်ထားတဲ့လမ်းတွေကကော တကယ်ရှိ နိုင်ပါ့မလား၊ဟုတ်ကဲ့ ရှိပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ သိပ်မစိမ်းလှတဲ့ အာဆီယံဒေသအတွင်းက စင်ကာပူနိုင်ငံမှာပါ။ တကယ်တော့ စင်ကာပူဆိုတာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံထက် ၁၇ နှစ်နောက်ကျပြီးမှ လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံပါ။

တိတိကျကျ ပြောရရင်တော့ ၁၉၆၅ ခုနှစ် ရောက်မှသာ လွတ်လပ်ရေးရခဲ့တာပါ။ နိုင်ငံဆိုပေမယ့် သူ့ရဲ့ ဧရိယာ အကျယ်အဝန်းက ရန်ကုန်တစ်မြို့ စာလောက်ပဲကျယ်တာမို့ ပင်လယ်ရေတိမ်ကို ခေတ်မီနည်းပညာတွေ အကူအညီနဲ့ သဲမြေတွေဖို့ပြီး သူ့နိုင်ငံရဲ့ နယ်နိမိတ်ကို အစွမ်းကုန် တိုးချဲ့နေရတဲ့ နိုင်ငံငယ်ကလေးပါ။

ရေချိုမထွက်တဲ့နိုင်ငံမို့ အိမ်နီးချင်း မလေးရှားနိုင်ငံက ရေချိုကိုတောင် ဝယ်သုံးနေရတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ စင်ကာပူနိုင်ငံဟာ အာရှရဲ့ ကျားတစ်ကောင်ဖြစ်နေပါပြီ။

ကျွန်တော်တို့မြန်မာနိုင်ငံက လူငယ်လူရွယ်တွေအတော်များများ သွားရောက်ပညာသင်ကြားနေ ကြသလို အလုပ်လုပ်ကိုင်နေကြရတဲ့၊ ချမ်းသာကြွယ်ဝသူတွေ ရှော့ပင် ထွက်တတ်လေ့ရှိတဲ့၊ ကျန်းမာရေးနဲ့ ပတ်သက်လာရင်လည်း အားကိုး တကြီးနဲ့သွား‌နေရတဲ့ ခေတ်မီနိုင်ငံတစ်နိုင်ငံ ဖြစ်နေပါပြီ။

ဒီကနေ့ခေတ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံထက် နည်းပညာ အရာမှာသာမက အစစအရာရာမှာ ရှေ့တန်းရောက်နေပါပြီ။

အဲဒီ လိုနိုင်ငံမျိုးက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေ၊ မြစ်ကြီးတွေကို သူ့နိုင်ငံရဲ့ အထင်ကရလမ်းမကြီးတွေမှာ ဘာဖြစ်လို့များ အမြတ်တနိုးနဲ့မှည့်ခေါ်ထားရတာပါလိမ့်။

စင်ကာပူနိုင်ငံ လွတ်လပ်ရေးရလာတော့ စင်ကာပူနိုင်ငံရဲ့ ပထမဦးဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သူ မစ္စတာလီကွမ်ယုဟာ သူ့နိုင်ငံကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့အခါ ပထမဦးဆုံး စဉ်းစားမိတာက မြို့တော်ကြီး ကိုလှပတင့်တယ်ပြီး စနစ်ကျနေအောင် ပြန်လည်ပြုပြင် တည်ဆောက်ဖို့လုပ်ဆောင်ပါတယ်။

အဲဒီအချိန်ကာလတုန်းက အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံကို အားကျပြီး ရန်ကုန်မြို့တည်ဆောက်ပုံကို သဘောကျခဲ့ပါတယ်။

မစ္စတာလီကွမ်ယုနဲ့သူ့အဖွဲ့တွေဟာ မြန်မာနိုင်ငံကို ရောက်အောင်လာပြီး ရန်ကုန်မြို့တော်ကြီး တည်ဆောက်ထားမှု ပုံစံကို စနစ်တကျလေ့လာ မှတ်သားကြပါတော့တယ်။

လေ့လာပြီးတာနဲ့ စင်ကာပူကိုပြန်ပြီး စင်ကာပူမြို့တော်ကို ရန်ကုန်မြို့တော်အတိုင်း နမူနာယူကာ ပြန်လည်တည်ဆောက် ကြပါတော့တယ်။

လီကွမ်ယုနဲ့ စင်ကာပူနိုင်ငံသားတွေဟာ စင်ကာပူမြို့တော်ကြီးကို ပြန်လည်တည်ဆောက်ကြတဲ့အခါ
မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်မြို့ကြီးကို နမူနာယူတည်ဆောက်ခဲ့တဲ့အတွက် (မြန်မာနိုင်ငံရဲ့ ဂုဏ်ကျေးဇူးတွေကို) အောက်မေ့သတိရသောအားဖြင့် စင်ကာပူနိုင်ငံရဲ့ အထင်ကရလမ်းမကြီးတချို့ကို မြန်မာနာမည်တွေ ပေးခဲ့ကြပါတော့တယ်။

သူတို့ပေးခဲ့တဲ့ မြန်မာလမ်းနာမည်တွေကတော့ Ava Road (အင်းဝလမ်း)၊ Pegu Road (ပဲခူးလမ်း) ၊Martaban Road (မုတ္တမလမ်း) ၊ Bhamo Road (ဗန်းမော်လမ်း) ၊Prome Road (ပြည်လမ်း)၊ Irrawaddy Road (ဧရာဝတီလမ်း)၊

Shan Road (ရှမ်းလမ်း) ၊Minbu Road (မင်းဘူးလမ်း) ၊Bassein Road (ပုသိမ်လမ်း) ၊Akyab Road (စစ်တွေလမ်း) ၊Mandalay Road (မန္တလေးလမ်း)၊

Molumein Road (မော်လ မြိုင်လမ်း) ၊ Mergue Road (မြိတ်လမ်း)၊Rangoon Road (ရန်ကုန်လမ်း) စတာတွေ ဖြစ်ပါတယ်။

ရန်ကုန်လမ်းနဲ့မြိတ်လမ်းဟာ Farren Park ဒေသမှာ တည်ရှိပြီး Serangoon လမ်းမကြီးနဲ့ နီးပါတယ်။ ကျန်လမ်းတွေအားလုံးကတော့ စင်ကာပူနိုင်ငံ၊ Novena ဒေသမှာ တည်ရှိပါတယ်။

လမ်းမကြီးတွေဖြစ်တဲ့ Thomsom Road, Balestier Road နဲ့ Mandalay Road တို့ ဖိုခ‌နောက်ဆိုင်ထားတဲ့ အလယ်မှာ တည်ရှိတယ်လို့သိရှိရပါတယ်။

စင်ကာပူရောက် မြန်မာလူမျိုးတွေ မကြာ ခဏ သွားရောက် လေ့ရှိကြတဲ့ ToaPayohရှိ မြန်မာဘုန်းကြီး ကျောင်းနဲ့လည်း မဝေးလှဘူးလို့ သိရကြောင်းပါ။

ဒီနေရာမှာ တချို့သော မြန်မာလမ်းတွေဟာ ရှေးအခေါ်တွေနဲ့စာလုံးပေါင်းထားတာ ဖြစ်တဲ့အတွက် စင်ကာပူရောက် မြန်မာလူမျိုးတွေ ကိုယ်တိုင် အမှုမဲ့၊ အမှတ်မဲ့ဖြစ် ကောင်းဖြစ်မိကြမှာပါပဲ။

ဒါပေမဲ့ စင်ကာပူနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၆၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အထိ နှစ်ပေါင်း ၅၀ တိုင်တိုင်
အထိ‌တော့ မြန်မာအမည်နဲ့ အဆိုပါလမ်းတွေကို တခြားနာမည်များသို့ လုံးဝမပြောင်းဘဲ ထိန်းသိမ်းပေးထားခဲ့တဲ့ မစ္စတာလီကွမ်ယုနဲ့ စင်ကာပူနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကိုချီးကျူး လေးစားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံထက် အဆပေါင်းများစွာ တိုးတက်နေပြီဖြစ်တဲ့ စင်ကာပူလို နိုင်ငံမျိုးမှာ မြန်မာနာမည်နဲ့လမ်းတွေ ယနေ့အချိန်အထိ တည်ရှိနေတာဟာ ဂုဏ်ယူပီတိဖြစ်စရာပါ။

တခြားသော နေရာများမှာလည်း မြန်မာနာမည်နဲ့ လမ်းတွေ ရှိကောင်း ရှိနိုင် သေးတာမို့ စင်ကာပူရောက် ရွှေမြန်မာများအနေနဲ့ ထပ်မံဖော်ထုတ် တွေ့ရှိခဲ့ပါက အများသူငါ ဗဟုသုတတိုးပွားနိုင်စေရေး အတွက် ရေးသားတင်ပြ ပေးကြပါလို့တောင်းဆို ပါရစေ။

Source _သူလှိုင်-နိုင်ငံခြားရောက်မြန်မာလမ်းများ