စမူဆာသည်အဘိုးကြီး နှိုင်းယှဉ်ပြသွားတဲ့ ကိုယ်ပိုင်အလုပ်နဲ့ လခစားဝန်ထမ်းအလုပ်…(အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်)

အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒေလီမြို့မှာ နာမည်ကြီး စမူဆာဆိုင် တစ်ဆိုင်ရှိတယ်။

စမူဆာလေးတွေဟာ အရသာ အလွန်ရှိတဲ့အတွက်ကြောင့် လူကြိုက် အလွန်များတယ်။

စမူဆာဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာတော့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။

နေ့စဉ်လိုလိုပဲ နေ့လည်စာ စားချိန်ဆိုရင် ကုမ္ပဏီဝန်ထမ်းတွေဟာ အဲဒီဆိုင်မှာ လာစားလေ့ ရှိကြတယ်။

တစ်ရက်… နေ့လည်စာ စားချိန်မှာတော့ ကုမ္ပဏီမန်နေဂျာကိုယ်တိုင် နာမည်ကြီး စမူဆာကို လာဆင်းဝယ်တယ်။

အရသာအလွန်ရှိတဲ့ အတွက်ကြောင့် စမူဆာကို ပါဆယ် ထုပ်မသွားတော့ပဲ ဆိုင်မှာ အားပါးတရ ထိုင်စားရင်း… ဆိုင်ရှင်နဲ့ စကားစမြည် ပြောကြည့်မိတယ်။

မန်နေဂျာ က ဆိုင်ရှင် အဘိုးကြီး ကို စမေးလိုက်တယ်။ “ဦးလေး… ဒီလောက် လက်ရာကောင်းတဲ့ စမူဆာကို ကျွန်တော်ဖြင့် ဒီတစ်သက် တစ်ခါမှမစားဖူးဘူးဗျာ။

ပြီးတော့ ဆိုင် အပြင်အဆင်နဲ့ အခင်းအကျင်းကလည်း တကယ့်ကို သပ်သပ်ရပ်ရပ်နဲ့ ရှိတယ်။

ဦးလေး အုပ်ချုပ်စီမံမှု တကယ်ကောင်းတယ်ဗျာ။ ဟဲဟဲ… ထင်တာပြောမယ်နော်။

အကယ်၍ ဦးလေးသာ စမူဆာ မရောင်းပဲ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ခဲ့ရင် ခုချိန်မှာ ကျွန်တော့် လိုမျိုး မန်နေဂျာတစ်ယောက်တော့ ကောင်းကောင်း ဖြစ်လောက်တယ်။

နှိမ်ပြောတာတော့မဟုတ်ဘူးနော်။ ဟဲဟဲ…။”

အဘိုးကြီးက သူ့ကို ပြုံးပြတယ်။

ပြီးတာနဲ့ သူကြော်လက်စ စမူဆာတွေ ဆက်ကြော်ရင်း ပြန်ဖြေတယ်။ “ဆရာပြောတာ နှိမ်တယ်လို့ မမြင်ပါဘူး ဆရာရယ်။

ဘာလို့လဲ ဆိုတော့ ကျုပ် အလုပ်က ဆရာ့အလုပ်ထက်ကို အဆမတန် ကောင်းနေတာကိုးဗျ။ ဘာ့လိုကောင်းတာလဲ သိလား။”

လှောင်တဲ့အသံနဲ့ မန်နေဂျာက ရယ်ရင်း “ပား.. ဟုတ်ပါပြီဗျာ။ ပြောကြည့်ပါဦး ဦးလေးရယ်။ နားထောင်ပေးရတာပေါ့။”

အဘိုးကြီး… ဒီလိုလေဗျာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကထဲက ကျုပ်ဟာ ဒီနေရာလေးမှာပဲ စမူဆာရောင်းခဲ့တာ။ အဲဒီတုန်းကတော့ ဗန်းနဲ့ ကြော်ရောင်းတာ ပေါ့ဗျာ။

ဆိုင်တွေ ဘာတွေနဲ့ ခုလို ဘယ်ဖြစ်လာဦးမလဲ။ တစ်ချိန်ထဲမှာပဲ မောင်ရင်ဟာ အဲဒီကုမ္ပဏီမှာ အလုပ် စလုပ်တယ်။

ဒါ့ကြောင့် မောင်ရင့်ကို ကျုပ် ကောင်းကောင်းကြီး မှတ်မိနေတာ။

ကျုပ်ဟာ အဲဒီတုန်းက တစ်လကို ရူပီး တစ်ထောင် ဝင်ငွေ ရှိတယ်။ မောင်ရင်ကရော လစာ ဘယ်လောက်ရခဲ့လဲ။

မန်နေဂျာ… စလုပ်လုပ်ချင်းတုန်းက ရူပီး တစ်သောင်းပါ ဦးလေး။ ပြီးတော့ အောက်ခြေ ဝန်ထမ်းပါ။

အဘိုးကြီး… ဟုတ်ပြီ။ ခု ၁၀ နှစ်ဆိုတဲ့ ကာလကို ကျုပ်တို့တွေ ဖြတ်သန်းပြီးတဲ့နောက် ဘာတွေ အရာထင်ကျန်ခဲ့သလဲ။ ကျုပ်ဟာ စမူဆာဆိုင်တစ်ဆိုင် ပိုင်လာပြီ

စမူဆာ ဝါလား” ဆိုင် ဆိုတဲ့ နာမည်နဲ့လည်း လူသိ များနေပြီ။

မောင်ရင်ကလည်း အောက်ခြေကနေ မန်နေဂျာ ဆိုတဲ့ အဆင့်ကို ရောက်လာပြီ။ ကဲ… အခုရော မောင်ရင် လစာ ဘယ်လောက် ရသလဲ။

မန်နေဂျာ… ရူပီး တစ်သိန်းဝန်းကျင်လောက် ရှိပါ့မယ် ဦးလေး။

အဘိုးကြီး… ကျုပ်ဟာလည်း တစ်လတစ်လေတော့ ရူပီး ၁ သိန်း ရခဲ့သလို တချို့လတွေမှာ ဆိုရင်တော့ ရူပီး တစ်သိန်း ကျော်ပါတယ်။

ဒီအဆင့်အထိ ကျုပ်တို့ ကြည့်မယ်ဆိုရင်တောင် မောင်ရင့် လုပ်အားနဲ့ ကျုပ်လုပ်အား အဆင့်ဟာ မကွာတော့ဘူး။ ဒါပေမယ့် ကျုပ်ဟာ မောင်ရင့်ထက် သာပါတယ်။

ဘာ့ကြောင့်လဲ ဆိုရင် ကလေးတွေရဲ့ အနာဂတ်ကြောင့် ဖြစ်တယ်
မန်နေဂျာ… ဘယ်လို။ ဘယ်လို။ ရှင်းပြပါဦး ဦးလေးရဲ့။

အဘိုးကြီး… ခုပြောတာလေးကို သေချာနားထောင်ပါ မောင်ရင်။ ကျုပ်ဟာ ဘဝနာခဲ့ရတယ်။

ဗန်းနဲ့ ရွက်ကြော်ခဲ့ရတဲ့ဘဝကစလို့ ခုလိုဖြစ်လာတဲ့အထိ ပင်ပန်းခဲ့ရတာတွေ အများကြီးပါ။

ဒါတွေကို ကျုပ်သားဟာ ပြန်ကျော်ဖြတ်ဖို့ မလိုတော့ဘူး။ သူ့အနေနဲ့ ပညာကို ကောင်းကောင်းသင်ပြီး သူ့ပညာနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုကို လုပ်ချင်လုပ်။

မလုပ်ချင်ပဲ တစ်နေ့ကျရင် မိဘအလုပ် ဝင်လုပ်ချင်တယ်ဆိုရင် ကျုပ်က အသာအယာ လက်လွှဲလိုက်ရုံပဲ။ ကျုပ်ရှာသမျှ ငွေဟာ သူ့အတွက် ဖြစ်တယ်။

သူ ဘယ်တော့မှ သုညဆိုတဲ့ အဆင့်က စဖို့ မလိုတော့ဘူး။ မောင်ရင် ရှာသမျှငွေကရော ဘယ်သူ့ အတွက်လဲ။ မောင်ရင့် သားသမီး အတွက်လား။

ကုမ္ပဏီပိုင်ရှင် သူဌေးရဲ့ သားသမီး အတွက်လား။ မောင်ရင့်ထိုင်ခုံကိုရော သူတို့ကို လက်လွှဲခဲ့လို့ ရသလား။ ဘယ်ရလိမ့်မလဲကွယ်။

သူတို့ လိုချင်ရင် သူတို့အဖေ လွန်ခဲ့တဲ့ဆယ်နှစ်က လျှောက်ခဲ့ရတဲ့လမ်းအတိုင်း အစအဆုံး ထပ်လျှောက် ရတော့မှာ မဟုတ်လား။

သူတို့ လျှောက်နေချိန်မှာတော့ ကျုပ်သားဟာ လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ချဲ့ထွင်နေမှာ။

သူတို့ဟာ အဖေ့လို မန်နေဂျာ ဖြစ်တဲ့အချိန်မှာတော့ ကျုပ်သားဟာ လိုက်လို့ မမှီအောင်ကို ဟိုးထိပ်ကို ရောက်နေလောက်ပြီကွယ့်။

ကဲ… ဒီတော့ မောင်ရင်ပဲ ကျုပ်ကိုပြောပြပါ။ ဘယ်သူဟာ အနာဂတ်အတွက် အလုပ်လုပ်နေပြီးတော့ ဘယ်သူကတော့ အချိန်တွေကို ဖြုန်းပစ်နေသလဲ။

စမူဆာ ၂ ခုဖိုးကို စားပွဲပေါ်တင်ပေးတော့ မန်နေဂျာဟာ တစ်ခွန်းမှ မပြောနိုင်တော့ပဲ ထထွက်သွားခဲ့တယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website