” ဗီဇ “ကိုတော့ လိမ်လို့ မရပါ…

တစ်ခါက… လူတစ်ယောက်ဟာ သူ့ရဲ့တတ်အပ်တဲ့ပညာနဲ့ နန်းတော်မှာအမှုထမ်းလိုကြောင်းပြောတော့ မှူးမတ်တွေကနေတဆင့် ဘုရင့်ရှေ့တော်မှောက်ကို ရောက်လာတယ်…။

ရှင်ဘုရင်က… ” မောင်မင်း ဘာပညာတတ်လဲ ” လို့ မေးတော့ အမှုတော်ထမ်းလိုသူက ရဲရဲဝံ့ဝံ့လျောက်တယ်… ” ကျွန်တော်မျိုး… သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာခန့်မှန်းတဲ့ပညာကို တတ်ကျွမ်းပါတယ်” တဲ့ ။

ရှင်ဘုရင်ဟာ သူ့ကို နေရာကောင်းပေးဖို့ နေရာအလွတ် မရှိတာနဲ့ မကြာသေးခင်က မြင်းထိန်းတစ်ဦးသေသွားတာမို့ အဲ့ဒီ နေရာလေးကို သူ့အားပေးလိုက်တယ်။

ရက်အနည်းငယ်ကြာတော့… ရှင်ဘုရင်ဟာ သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာခန့်မှန်းတဲ့ပညာကိုတတ်ကျွမ်းပါတယ် ဆိုတဲ့ မြင်းထိန်းနေရာရောက်နေတဲ့သူရဲ့ပညာကို သိလိုတာနဲ့ ခေါ်ပြီး သူ့ရဲ့အကြိုက်ဆုံး မြင်းရဲ့အကြောင်းကိုမေးတော့တယ်…။

” မောင်မင်း ငါ့ရဲ့ ဒီစီးတော်မြင်းဟာ… မျိုးစစ်မျိုးမှန် ဟုတ်ရဲ့လား ” ” မှန်လှပါ… အရှင်မင်းကြီးရဲ့မြင်းဟာ မျိုးစစ်မျိုးမှန် မဟုတ်ပါဘူး ” ရှင်ဘုရင်ဟာ တအံ့တသြဖြစ်သွားတယ် ။

ဒါနဲ့ ယခင် မြင်းပိုင်ရှင်ကိုဆင့်ခေါ်ပြီး မေးတော့ ယခင်မြင်းပိုင်ရှင်က…

” အရှင်မင်းကြီး မြင်းကတော့ မျိုးစစ်မျိုးမှန်ပါ… ဒါပေမဲ့… သူအမေဟာ သူကိုမွေးပြီးသေသွားခဲ့ပါတယ်…

ဒါကြောင့်.. ကျွန်တော်မျိုးဟာ အဲဒီ မြင်းကို နွားနို့တိုက်ပြီး မွေးခဲ့ရပါတယ်” လို့ လျောက်ထားလေတယ်။

ရှင်ဘုရင်ဟာ မြင်းထိန်းကိုခေါ်ပြီး မေးတယ်.. ” မောင်မင်းက… မျိုးစစ် မျိုးမှန် မဟုတ်ဘူးဆိုတာ ဘယ်လိုသိလဲ ” ” မှန်လှပါ အရှင်မင်းကြီး ဒီမြင်းဟာ အစာကိုစားတဲ့အခါမှာ နွားများလို ခေါင်းကို ငုံ့ပြီးစားပါတယ်။

တကယ် မျိုးစစ်သောမြင်းဟာ အစာကိုပါးစပ်မှာယူပြီး ခေါင်းကိုမော့လို့ စားပါတယ် ”

ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစားတန်ဘိုးထားပြီး သူ့ထံကို ထောပတ်တွေ ကြက်ကြော် ငှက်ကြော်တွေ, အသီးအနှံတွေ များစွာပို့လို့ ဆုချီးမြှင့်ပါတယ်။

ပြီးတော့… သူကို မိဖုရားဆောင်နဲ့ နီးတဲ့နေရာမှာ နေရာပေးလိုက်ပါတယ်။

ရက်အနည်းငယ်ကြာတော့… ရှင်ဘုရင်က သူ့ကို မိဖုရားနဲ့ ပတ်သက်ပြီးမေးတော့ သူကဖြေတယ်…

” မိဖုရားရဲ့ နေပုံထိုင်ပုံကတော့ မင်းမျိုးမင်းနွယ်ကလို့ ထင်ရပါတယ်… ဒါပေမယ့် မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ပါဘူး ”

ရှင်ဘုရင်ဟာ တအံ့တသြနဲ့ ယောက်ခမဖြစ်သူကို ခေါ်ပြီးမေးပြန်တယ်…” ဟုတ်ပါတယ် မင်းကြီး မင်းကြီးရဲ့ ခမည်းတော်က ကျွန်ုပ်ရဲ့ခင်ပွန်းထံက သမီးမွေးရင် ပေးစားမယ်ပြောထားခဲ့ပါတယ်…

တကယ်တော့ ကျွန်ုပ်တို့ သမီးအရင်းဟာ ကံဆိုးစွာ 6လနဲ့ကွယ်လွန်သွားခဲ့ပါတယ်။

ဒါနဲ့ ကျွန်ုပ်တို့လည်း မင်းမျိုးမင်းနွယ်နဲ့ အမျိုးမတော်ရမှာ စိုးတာကြောင့် သူများရဲ့သမီးကို မွေးစားလိုက်ရပါတယ် ” လို့ ကြားသိရတော့မှ မြင်းထိန်းကိုခေါ်ပြီး မေးတယ်..

” မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ဘူးဆိုတာ မောင်မင်း ဘယ်လို သိတာလဲ ”

” မှန်လှပါ… မိဖုရားရဲ့ဆက်ဆံမှုက အလုပ်သမားတွေအပေါ်မှာ မိဖုရားတစ်ယောက်ပုံစံ မဟုတ်ပဲ တကယ့်ကို ပညာမဲ့သူတွေရဲ့ပုံစံနဲ့တူနေလို့ပါ ” လို့လျှောက်ထားတယ်။

ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစားတန်ဘိုးထားပြီး အရင်လိုပဲ ထောပတ်တွေ ကြက်ကြော်ငှက်ကြော်တွေ အသီးအနှံတွေ များစွာပို့ပြီး ချီးမြှင့်ပြန်ပါတယ် ။

ပြီးတော့လည်း သူ့ကို နန်းတော်ထဲမှာ နေရာပေးလိုက်ပါတယ်။

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့
သူ့ကိုခေါ်ပြီး… ” ကဲ အခု… ငါ့အကြောင်းကိုပြောပါ ” ဆိုတော့ အမှုတော်ထမ်းက… ” ကျွန်တော်မျိုးရဲ့ အသက်အတွက် အာမခံချက်ရှိရင် ပြောပါမယ် ” လို့ တောင်းဆိုလိုက်တယ် ။

ဘုရင်ကလည်း ” ကောင်းပြီ ငါကတိပေးတယ် ” ဆိုတော့မှ…” အရှင်မင်းကြီးဟာ ဘုရင့်သားတော်မဟုတ်သလို ဘုရင်အမျိုးအနွယ်ကလည်း မဟုတ်ပါဘူး ”

အဲ့ဒီစကားကြောင့် ရှင်ဘုရင်ဟာ အလွန်ဒေါသထွက်ပြီး သတ်မယ်လုပ်တော့ သူကိုယ်တိုင် ကတိပေးထားတာကို သတိရပြီး စိတ်လျှော့လိုက်တယ်။

ဒါနဲ့ ချက်ချင်းဆိုသလို မယ်တော်ကြီးအထံကို သွားရောက်မေးတယ်။ မယ်တော်က… ” ဟုတ်ပါတယ်.. မင်းဟာ နွားကျောင်းသားတစ်ယောက်ရဲ့ သားဖြစ်တယ်… ငါတို့မှာ ကလေးမရနိုင်တော့ မင်းကို ခေါ်ပြီး မွေးစားလိုက်တာဖြစ်တယ် ” ဆိုတော့မှ အမှုထမ်းကို ခေါ်ပြီး မေးတယ်…

” မောင်မင်းက ငါ့ကို ဘုရင် အမျိုးအနွယ်ထဲက မဟုတ်ဘူးဆိုတာ ဘယ်လိုသိလဲ? “အမှုတော်ထမ်းက… ” ရှင်ဘုရင်ဆိုတာ တစ်ယောက် ယောက်ကို လက်ဆောင်ပေးရင် စိန်တွေ ရွှေတွေ စတဲ့ အဖိုးတန် အကောင်းစား ပစ္စည်းမျိုးကိုသာ ပေးတတ်ပါတယ်

အခု အရှင်မင်းကြီးဟာ လက်ဆောင်ပေးတဲ့အခါ စားစရာ သောက်စရာ အသီးအနှံတွေသာ ပေးတယ်.. ဒါကိုကြည့်ခြင်းအားဖြင့် အရှင်မင်းကြီးဟာ ဘုရင်မျိုး ဘုရင်အနွယ်က မဖြစ်နိုင်ဘူး…

နွားကျောင်းသား တစ်ဦး ဦးရဲ့သားပဲ ဖြစ်ရမယ်ဆိုတာ သိရပါတယ် ” လို့ ဖြေကြားလိုက်ပါတော့တယ်။

ဘဝမှာ… ကိုယ်ဘက်က ဘယ်လောက်ပဲ အထက်တန်းကျတယ်လို့ပဲပြောပြော.. ကိုယ့်ရဲ့အပြုအမူအပြောအဆိုတွေဟာ အထက်တန်းကျမနေခဲ့ရင် ဘယ်သူကမှအထက်တန်းကျတယ်လို့ မသက်မှတ်ပါဘူး…

ဘယ်လောက်ပဲ အဆင့်အတန်းတွေနိမ့်ကျတယ်လို့ပဲဆိုဆို… ကိုယ့်ရဲ့အပြုအမူအပြောအဆိုတွေဟာ နိမ့်ကျမနေခဲ့ရင် ဘယ်သူကမှ နိမ့်ကျတယ်လို့ မမြင်ပါဘူး…

မကောင်းတဲ့အပြုအမူ… မကောင်းတဲ့ အပြောအဆိုတွေဟာ မကောင်းတဲ့မျိုးရိုးဗီဇပါပဲ… ဒါ့ကြောင့်… လူကြီးသူမတွေက.. ” ကိုယ်ကြမ်းတော့ အဖယုတ်တယ်.. နှုတ်ကြမ်းတော့ အမိယုတ်တယ် ” လို့ ဆိုခဲ့တာပါပဲ ။

ပိုက်ဆံဘယ်လောက်ပဲရှိရှိ.. ကောင်းတဲ့အပြုအမူအပြောအဆိုတွေမရှိရင် မကောင်းတဲ့ဗီဇရှိသူပါပဲ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Websit