သားသမီးတွေကို ဆုံးမတဲ့အခါ မဖြစ်မနေသိသင့်တဲ့ အချက် (၁၀)ချက်

သားသမီးတွေကို ဆုံးမတဲ့အခါ မဖြစ်မနေသိသင့်တဲ့ အချက် (၁၀)ချက်…

၁။သားသမီးတွေရဲ့ အနာဂတ်ကိုချစ်ရင် အဆဲမပါပဲ စကားပြောတတ်အောင် ကလေးတွေကို သင်ပေး သင့်တယ်။

၂။ ရန်ဖြစ်ရင် ကိုယ့်ဘက်က အနိုင်ယူဖို့ထက် ရန်မဖြစ်အောင် နေတတ် ထိုင်တတ်ဖို့ ကို ပိုပြီး သင်ပေး သင့်တယ်။

၃။ တချို့တောင်းပန်ခြင်းတွေက ကိုယ့်ဘက်က မှားလို့ မဟုတ်ပဲ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ပိုပြီး သင့်မြတ်အဆင်ပြေဖို့ အတွက် တောင်းပန်ရတယ်ဆိုတာ ရှင်းပြ ပေးသင့်တယ်။

၄။ တစ်စုံတစ်ယောက် ဆီက တစ်ခုခု ရလိုက်လို့ ခံစားရတဲ့ ပျော်ရွှင်မှုမျိုးထက် တစ်စုံတစ်ယောက်ကို ပေးဆပ်လိုက်ရလို့ ကြည်နူးရတဲ့ ပီတိတွေအကြောင်းကို သေချာပြောပြသင့်တယ်။

၅။ ကိုယ်မဟုတ်တဲ့ အခြားသော လူတစ်ယောက်ရဲ အောင်မြင်မှုကို မနာလိုဝန်တိုစိတ်မမွေးပဲ ထိုလူရဲ့ အောင်မြင်မှု အတွက် လက်ခုပ်သံ အကျယ်ကြီး တီးပြီး မုဒိတာ ပွားနိုင်အောင် သင်ကြားပေးသင့်တယ်။

၆။ တရားမျှတတဲ့ ပြိုင်ပွဲတွေ ပြိုင်တဲ့ အခါ ဂုဏ်သိက္ခာရှိစွာ အရှုံးအနိုင်ကို လက်ခံနိုင်ဖို့ သင်ကြားပေးသင့်တယ်။

၇။ မြေပေါ်ကျသွားတဲ့ မုန့်လေးဟာ ကိုယ့်အတွက် အသုံးမဝင်ခဲ့ရင်တောင် အခြား သက်ရှိသတ္တဝါတွေ ( ဥပမာ- ပုရွက်ဆိတ် ) လို သတ္တဝါလေးတွေ အတွက် အသုံးဝင်တယ်ဆိုတဲ့အထိ တွေးနိုင်အောင် ကလေးတွေရဲ့ ဦးနှောက်နဲ့ နှလုံးသားကို သေချာပြုစု ပျိုးထောင်ပေးသင့်ပါတယ်။

၈။ ကလေးတွေ အမှား လုပ်မိတဲ့အခါ အပြစ်တင် ပြောဆိုခြင်းထက် နောက် ဒီလို မမှားအောင် နားဝင်အောင် ဆုံးမပြုပြင်ပေးခြင်းက ပိုကောင်းပါတယ်။

၉။ တကယ်တော့ ကလေးတွေက ဖြူစင် ပါတယ်။လူတွေရဲ့ အတ္တတွေနဲ့ ပတ်ဝန်းကျင်ရဲ့ မကောင်းမြင်စိတ်တွေကြောင့် အရောင်တွေ ပြောင်းသွားကြတာပါ။

၁၀။ အဖြူထည်လေးတွေ အရောင်စွန်းမသွားဖို့ ဆိုရင် မိတ်ဆွေတို့ ကျွန်မတို့ဟာ ကလေးတွေအပေါ်မှာ လူသားဆန်ဖို့ လိုအပ် ပါတယ်။

အနာဂတ် ကို တကယ်ချစ်ရင် ယခု ပစ္စုပ္ပန်မှာ ကလေးတွေ ကို တန်ဖိုးထားပါ။

Credit…နှင်းနှင်းအေး